သုံးရလွယ်ကူစေသည့် Link များ

လိပ်ကျွန်း လူသတ်မှု စီရင်ချက် ရန်ကုန်မှာ ကန့်ကွက် ဆန္ဒပြ


ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၂ ဦး သတ်ဖြတ်ခံရမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့အတွက် ကန့်ကွက်ဆန္ဒပြမှုတွေလည်း ထွက်ပေါ်လာပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ် ၂ ဦးအပေါ် အမြင့်ဆုံးပြစ်ဒဏ် စီရင်လိုက်တဲ့အပေါ် မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က စိုးရိမ်မကင်းတဲ့ သဘောထားတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ အကြောင်းစုံ ကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ရန်ကုန်ကနေ သတင်းပေးပို့ ထားပါတယ်။

Koh Tao (ခေါ်) လိပ်ကျွန်းမှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရမှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို သေဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ နေ့ခင်း ၃နာရီလောက်မှာ သံဃာတော်တွေအပါအ၀င် လူ ၁၀ ဦးလောက်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေ့ရှုဖို့ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ၁၅ မိနစ်လောက် ထိုင်းသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အမှုစစ်ဆေးခဲ့ တာတွေကို စောင့်ကြည့်လေ့လာခဲ့တဲ့ ရန်ကုန်မြို့က ကိုအေးဆေးကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဒါ တရားမမျှတဘူးလို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သက်သေခံ အထောက်အထားတွေမှာလည်း DNA အထောက်အထားတွေက မတိုက်ဆိုင်ဘူး ဆိုတာ ထိုင်းက မှုခင်းဆရာဝန်မကြီး ကိုယ်တိုင်က ပြောထားတယ်။ ပြီးတော့ ကျွန်းသူကြီးသားကို DNA ယူတဲ့ကိစ္စတွေလည်း နောက်ကျတယ်။ ပြီးတော့ ဒီလူငယ်လေး ၂ ယောက်ကို အတင်းအဓမ္မ ၀န်ခံခိုင်းတယ်လို့လည်း နောက်ပိုင်းမှာ ထွက်ဆိုထားတာတွေလည်းရှိတယ်။ နောက်ပြီးတော့ ဒီလိုအချိန်ဆွဲတာမျိုး လုပ်ပြီးတော့မှ ဒီလိုဝရုန်းသုန်းကား သေဒဏ်ပေးလိုက်တာက ကျနော့်အနေနဲ့ တရားမျှတမှုမရှိဘူးလို့ မြင်ပါတယ်။ ထိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ကျနော်မြင်ပါတယ်။”

ဒီလို သေဒဏ်ပေးတာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာ ဒီလ ၂၅ ရက်နေ့မှာ ဆန္ဒပြဖို့ ပြင်ဆင်နေကြသလို မြန်မာအာဏာပိုင်တွေကလည်း ထိုင်းသံရုံးရှေ့မှာ လုံခြုံရေးချထားတာတွေ ရှိနေပါတယ်။ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို အမှုစစ်ဆေးချိန်မှာ ကူညီဆောင်ရွက်ခဲ့တဲ့ မြန်မာအထူးအဖွဲ့ တာဝန်ခံ ဦးထူးချစ်ကတော့ လူမျိုးရေးအမုန်းပွားတာမျိုးတွေ မဖြစ်စေဖို့ လိုအပ်မယ်လို့ ပြောပါတယ်။

“အဓိကတော့ဗျာ လူမျိုးရေးအနေနဲ့ အမုန်းပွားမှုတွေ ကျနော်တို့အနေနဲ့ မဖြစ်သင့်ဘူးပေါ့။ ကျနော်တို့ကိုလဲ အခုလိုက် အကူအညီပေးတဲ့ အချိန်မှာ ထိုင်းလူမျိုးတွေရော၊ ထိုင်းလူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းရှေ့နေကောင်စီတို့လည်း ပါတယ်။ ဒါက ကျနော်တို့ရဲ့ ထိုင်းနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး အပေါ်မှာပဲ မူတည်တယ်။ ထိုင်းအစိုးရဘက်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ကလည်း ဘာပဲပြောပြော ကျနော်တို့ဒီမှာ သန်းပေါင်းများစွာ ရွှေ့ပြောင်းသူတွေ လာပြီးတော့ ထိုင်းနိုင်ငံမှာ နေကြတယ်လေ။ ဆိုတော့ အဲဒီလိုမျိုးရဲ့ ရိုက်ခတ်မှုဟာ ကျနော်တို့ ရွှေ့ပြောင်းလုပ်သားတွေ အပေါ်မှာ သွားပြီးတော့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိခိုက်မယ် ဆိုလို့ရှိရင်တော့ ဒါကတော့ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော့်အနေနဲ့ကတော့ လူမျိုးရေးပုံစံမျိုးဖြစ်တဲ့ ဆန္ဒပြမှုတွေ လူမျိုးရေး အသွင်ဆောင်တဲ့ လှုံ့ဆော်မှုတွေ မဖြစ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။”

ဒီအမှုကို ရက်ပေါင်း ၃၀ အတွင်းမှာ ခရိုင်အဆင့် အယူခံဝင်ဖို့ ရှိနေပြီး၊ နောက်တဆင့် အနေနဲ့လည်း ဗဟိုအဆင့်ထိ အယူခံဝင်ဖို့ လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ လူအခွင့်အရေး ကိစ္စတွေကို အလေးပေး ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ သေဒဏ်ကျခံထားရတဲ့ မြန်မာပြည်သား လူငယ်နှစ်ဦး အတွက် အခုလို တိုက်တွန်းပါတယ်။

“ကျနော်တို့က နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ကျနော်တို့ရဲ့ နိုင်ငံသား ၂ ယောက် အခုလို သေဒဏ်ပေးတယ် ဆိုတာကတော့ အင်မတန်မှ မြင့်လွန်းတဲ့ ပြစ်ဒဏ်ကြီး ချပြီးတော့ ဆုံးရှုံးစေတယ်။ အဲဒီတော့ ဒါကို နိုင်ငံတော်အစိုးရကလည်း အမြန်ဆုံး ကန့်ကွက်ဖို့လိုတယ်။ နောက်ပြီးတော့ ဒါဟာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရှေ့နေချုပ် က ကိုယ်တိုင်သွားပြီးတော့ အယူခံကိစ္စတွေကို သူဆောင်ရွက်သင့်တယ်။ ပြီးတော့ ပါတီတွေ၊ NGO အဖွဲ့အစည်းတွေကလည်း ဒါနဲ့ ပတ်သက်ပြီးတော့ စုပေါင်းလက်မှတ်ရေးထိုးပြီးတော့ ကန့်ကွက်မယ်ဆိုရင် ပိုပြီးတော့ ကောင်းပါတယ်။”

မြန်မာနိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ့ရဲ့ facebook စာမျက်နှာမှာ နိုင်ငံတော်အစိုးရ အနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရှေ့နေကောင်စီ၊ ထိုင်းနိုင်ငံရှိ မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှု၊ လွတ်လပ်တဲ့ တရားစီရင်မှု၊ နှစ်နိုင်ငံ အစိုးရနဲ့ နှစ်နိုင်ငံပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးမှုကို မထိခိုက်စေဘဲ သံခင်းတမန်ခင်းအရလည်း ထိထိရောက်ရောက် လုပ်နိုင်သမျှ၊ လုပ်လို့ရသမျှ ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အမှုစစ်ဆေးချိန်မှာ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတအပါအ၀င် အမျိုးသား လွတ်တော် ဥက္ကဋ္ဌ နဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကိုယ်တိုင် တရားဥပဒေကြောင်း အရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ ထိုင်းအာဏာပိုင်တွေ ကို မေတ္တာရပ်ခံ ပြောကြား တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG