သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လွိုင်ကော်မြို့ ဗိုလ်ချုပ်ကြေးရုပ်အစီအစဉ် ယာယီရပ်နား


ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရေးအစီအစဉ်ကို ကန့်ကွက် (Union of Karenni State Youth)

ကယားပြည်နယ် လွိုင်ကော်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရေးအစီအစဉ်ကို ကန့်ကွက်မှုတွေကြောင့် ယာယီရပ်ဆိုင်းထားပြိး ဒေသခံတွေရဲ့ သဘောထားဆန္ဒကောက်ယူပြီးမှ ဆက်လုပ်သင့်မလုပ်သင့် ဆုံးဖြတ်မယ်လို့ ကယားပြည်နယ်အစိုးရက ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေသခံသဘောထားကောက်ခံမှုဆိုတဲ့နေရာမှာ ပြည်နယ်တွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့သေချာ ညှိုနှိုင်းတာမလုပ်ပဲ၊ ပြည်နယ်ဝန်ကြီးချုပ်က သူ့တဦးတည်း ဆုံးဖြတ်ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးကန့်ကွက်သူတွေကတော့ မြင်နေပါတယ်။ ဒီလိုအခြေအနေကြောင့် အာဏာရ NLD ပါတီအပေါ် ဒေသခံတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကျဆင်းလာနိုင်တယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွမ်းအိမ် သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်ရုပ်တုစိုက်ထူရန်စီစဉ်မှုယာယီဆိုင်းငံ့ထားမှာဖြစ်ပြီး ဒေသခံတွေရဲ့ဆန္ဒကို ကောက် ယူပြီးမှသာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကနေ ပြောဆိုခဲ့တယ်လို့ ရုပ်ထုတည်ဆောက်ရေးကိုကန့်ကွက်ခဲ့တဲ့ခေါင်းဆောင်ခွန်သောမတ်ကပြောပါတယ်။

"ယာယီရပ်ခိုင်းထားတယ်လို့ပြောရမှာပေါ့။ သူကကျွန်တော်တို့ကိုပြောတာကတော့ ယာယီရပ်ဆိုင်းထားမယ်။ ၂၀ရက် နေ့မှာခင်ဗျားတို့ကန့်ကွက်ပါတယ်ဆိုတဲ့လူအုပ်စုတွေက ရုပ်ထုဖြစ်မြောက်ရေးကော်မီတီအဖွဲ့နဲ့ သွားတွေ့ပေါ့။ ခင်ဗျားတို့လူငယ်တွေအနေနဲ့ ရုပ်ထုဖြစ်မြောက်ဖို့အတွက် ခင်ဗျားတို့ပူးပေါင်းပါဝင်နိုင်တဲ့လမ်းကြောင်းကို ကျွန်တော် တို့ ဖွင့်ထားပေးတယ်ပေါ့။ သူကကျွန်တော်တို့ကိုအဲဒီလိုပြောတယ်ဗျ။ (၃၀)ရက်နေ့မှာ လူထုရဲ့သဘောထားဆန္ဒ တွေ ကောက်ပြီး လူထုရဲကသဘောထားဆန္ဒတွေတကယ် အစိုးရသိသွားပြီးဆိုရင်တော့ ဒီရုပ်ထုကိုတကယ်တည် ဆောက်တော့မယ်နော်။ ကျွန်တော်တို့ကိုအဲဒီလိုဘဲပြောတယ်။"

ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး ကန့်ကွက်မှုများ ထွက်ပေါ်လာပြီး ဒီကိစ္စကိုညှိနှိုင်းဖြေရှင်းဖို့ ပြည်နယ်အစိုးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်းရင်းသားပါတီတွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အရပ်ဘက်အဖွဲ့အစည်းတွေ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ပြီးခဲ့တဲ့စနေနေ့က ကယားပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံညှိနှိုင်းမှု တွေပြုလုပ်ခဲ့ တာပါ။ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ရုပ်တုထားရှိရေးအစီအစဉ်နဲ့ ပတ်သက်လို့ တိုင်းရင်းသားပါတီတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွေကနေကန့်ကွက်ထားပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ဆက်လက်ဆောင်ရွက်ရေးကို ပြည်နယ်အစိုးရဖက်က ပြန်လည်ညှိုနှိုင်းနေတာပါ။ ဒါပေမယ့်လည်း အစီအစဉ် ဆက်လုပ်သင့် မသင့်ဆိုတဲ့အပေါ် ဒေသခံတွေရဲ့ဆန္ဒကောက်ခံယူရေးမှာ ပြည်နယ်အစိုးရက မြို့နယ်နဲ့ကျေးရွာအုပ်ချုပ်ရေးမှုးတွေကို တာဝန်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ရုပ်တုအစီအစဉ်ညှိုနှိုင်းဖို့ ပြည်နယ်တွင်းနိုင်ငံရေးပါတီတွေ အရပ်ဖက်အဖွဲ့အစည်းတွေကို ခေါ်ယူညှိုနှိုင်းတယ်ဆိုပေမယ့်၊ တကယ်တမ်းတော့ ပြည်နယ်အစိုးရက တဖက်သပ်ဆုံးဖြတ်ဆောင်ရွက်နေဆဲပဲလို့ ကယားပြည်နယ်အခြေစိုက် LAIN နည်းပညာအထောက်အကူပြုအဖွဲ့ကဒါရိုက်တာကိုကျော်ထင်အောင် က ပြောပါတယ်။

"တွေ့ဆုံညှိနှိုင်းပွဲလို့ခေါင်းစဉ်တပ်ပေမဲ့ တကယ်တမ်းကညှိနှိုင်းတာမဟုတ်ဘဲနဲ့ကိုဝန်ကြီးချုပ်က သူ့တယောက်ထဲ ရဲ့ဆုံးဖြတ်ချက်နဲ့ကိုဘဲ (၂၀)ရက်နေ့မှာပြန်တွေ့မယ်။ (၃၀)ရက်နေ့မှာ အပြီးသတ်ဆုံးဖြတ်ရမယ်။ အဲဒီမှာရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်ထွေအုပ်ကနေကြီးကြပ်ပြီးတော့ ပြည်နယ်သဘောထားကောက်ခံရမယ်ဆိုတာက ညှိနှိုင်းမှုမဟုတ်ဘဲနဲ့ သူ့တယောက်ထဲအာဏာရှင်ဆန်စွာနဲ့ကို ဆုံးဖြတ်သွားတာဘဲဖြစ်တယ်။ ကျေးရွာသားတွေ အနေနဲ့က သူတို့ရဲ့ဆန္ဒသဘောထားတွေကို မေးမြန်းမှုတွေ ချပြမှုတွေဘာမှမရှိဘဲနဲ့ကို သူတို့ရပ်ကျေးအုပ်ချုပ်ေ၇း မှူးတွေက ထောက်ခံတဲ့အပေါ်မှာကလဲ ကန့်ကွက်မှုအသံတွေမြင့်လာတာပေါ့နော်။ ပြည်နယ်အစိုးရဖေါ်ဆောင်တဲ့ အပေါ်မှာကလဲ ထောက်ခံခိုင်းတဲ့အတွက်ထောက်ခံတဲ့အနေအထားမျိုးတွေဖြစ်လာတော့ ကျွန်တော်တို့ရပ်ကွက်တွေ ကျေးရွာတွေမှာ စိတ်ဝမ်းကွဲမှုပုံစံတခုက ဖြစ်ပွါးနေပါတယ်ခင်ဗျ။"

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံ ၁၀ဝဝ လောက်က ဇူလိုင်လ ၃ ရက်နေ့ က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ တားဆီးခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်အပေါ် ကန့်ကွက်ခဲ့တဲ့ လွိုင်ကော်က လူငယ် ၁ဝ ယောက်နဲ့ ဒီမောဆိုက လူငယ် တစ် ယောက်ကို အစိုးရကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅ (ခ) (ဂ) တို့နဲ့ တရားစွဲဆိုထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်အပေါ် ကန့်ကွက်ခဲ့တဲ့လူငယ်တွေဟာ ကယားပြည်နယ်အတွင်း အာဇာနည်နေ့ ဖြစ် မြောက်ရေးနဲ့ ရွေးကောက်ပွဲကာလအတွင်းNLDပါတီ မဲအနိုင်ရရှိရေး စည်းရုံးလှဲံဆော်ပေးတဲ့သူတွေဖြစ်ကြ တယ် လို့ လဲ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူကပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရေးလုပ်ငန်းစဉ်ကြောင့် ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု ကျဆင်းနိုင်တယ်လို့ကိုကျော်ထင်အောင် က ပြောပါတယ်။

"တိုင်းရင်းသားတွေအနေနဲ့ တော်တော်များများကန့်ကွက်ရဲ့သားနဲ့ကို ဆက်လက်ပြီးမှကိုတည်ဖြစ်အောင်ကိုဘဲ လုပ် ကိုင်ဆောင်ရွက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ဖက်ဒရယ်လိုလားတဲ့တိုင်းရင်းသားတွေနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချ တဲ့NLDပါတီက တဦးတယောက်ကြောင့်မို့လို့ကို မဲပေးခဲ့ကြတဲ့တိုင်းရင်းသားတွေနဲ့ NLDပါတီမှာကတော့ စိတ်ဝမ်းကွဲ ပြားမှုရော နောက်ပိုင်းအတွက်ရော အခက်ခဲအဟန့်တားတွေ ဖြစ်ပေါ်စေနိုင်တဲ့အနေအထားတရပ်ကိုတော့ ဖြစ်ပေါ် လာတော့မယ်ဟာမျိုးကိုတော့ ကျွန်တော်အနေနဲ့မြင်ပါတယ်ခင်ဗျ။"

ဗိုလ်ချုပ်ရုပ်ထုထားရှိမှုနဲ့ပက်သက်ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့စိတ်ဝမ်းမကွဲဘဲ ညှိနှိုင်းလုပ်ဆောင်ကြဖို့ NLD ပါတီဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကသူ့အမြင်ကိုအခုလိုပြောပါတယ်။

"ကျွန်တော်တို့က ဒီတိုင်းရင်းသားတွေကိုအပြစ်ပြောတာမဟုတ်ပါဘူး။ အများကြီးစာနာပါတယ် အများကြီး လေးစား ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပြေပြေလည်လည်ပေါ့။ ညှိနှိုင်းပြီးတော့လုပ်ကြဖို့သင့်တယ်လို့ ကျွန်တော်အနေနဲ့ အဲဒီလိုဘဲ ကြားအမြင်နဲ့ပြောချင်ပါတယ်။"

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာ မဖြစ်မနေထားရှိရမယ်ဆိုတဲ့ ညွှန်ကြားချက် ထုတ်ထားတာမရှိသလို အစိုးရမူဝါဒမဟုတ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကို ပြောဆိုထားပါတယ်။

အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲအနိုင်ရ အစိုးရဖွဲ့လာနိုင်ပြီးနောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ်အလိုက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုထားရှိမှုတွေဟာ ပိုမိုများပြားလာသလို တိုင်းရင်းသားပြည်နယ်တွေမှာ ဗိုလ်ချုပ်ရုပ်ထု ထားရှိမှုကြောင့် NLDပါတီနဲ့ ဒေသခံတိုင်းရင်းသားတွေအကြား အမြင်ကွဲလွှဲမှုတွေဆန့်ကျင့်ကန့် ကွက်မှုတွေ ရှိနေခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG