သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်ဝင်းထဲဝင်ရောက်


အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်မှု (ဓာတ်ပုံ/ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်မှု (ဓာတ်ပုံ/ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)

အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု သပိတ်ဆင်နွှဲနေတဲ့ ဒုတိယနေ့မှာ ရန်ကုန်တက္ကသိုလ်အဝင်မှာ အာဏာပိုင်တွေဘက်က တားမြစ်ကန့်သတ်မှုတွေရှိပေမဲ့ ဆန္ဒပြကျောင်းသားတွေက ရန်ကုန်တက္ကသိုလ်ဝင်းထဲအထိ ဝင်ရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားထုရဲ့ လိုလားချက်တွေကို အစိုးရ၊ ဥပဒေပြု လွှတ်တော်အမတ်တွေကို သိရှိစေဖို့ တောင်းဆိုတဲ့ ကျောင်းသားသပိတ်တွေ ၄ ရက် ဆက်တိုက် ရန်ကုန်မှာ ဆင်နွှဲနေကြတာဖြစ်ပါတယ်။ ကျောင်းသားသပိတ် နောက်ဆုံးအခြေအနေ မဆုမွန် တင်ပြပေးထားပါတယ်။

လွှတ်တော်မှာအတည်ပြုပြီး သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ပညာရေး မူဝါဒတွေကို ချမှတ်ထားပြီးတော့ ကျောင်းသားအခွင့်အရေးတွေကိုလည်း ကန့်သတ်ထိန်းချုပ်မှုတွေရှိတယ်။ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူးဆိုပြီးတော့ တနိုင်ငံလုံးက ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) က ကျောင်းသားတွေ ဦးဆောင်ပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ပြီးတော့ ကျောင်းသားတွေ၄ ရက် ဆက်တိုက် ဆန္ဒပြဖို့ အစည်းအဝေးဆုံးဖြတ်ခဲ့ကြပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီး မြို့တော်ခန်းမရှေ့မှာ ရာနဲ့ချီတဲ့ကျောင်းသားတွေ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ ဒီကနေ့ ဒုတိယမြောက်နေ့မှာလည်း စီတန်းလှည့်လည် ဆန္ဒပြမှုတွေနဲ့ ထိုင်သပိတ်ဆင်နွှဲမှုတွေ လုပ်ခဲ့ကြပါတယ်။

“…ကျနော် တို့သွေးနဲ့ ရေးတဲ့သမိုင်း-ကျနော် တို့သွေးတွေနဲ့ တက္ကသိုလ် တဝိုက် ဒေါင်းအလံတွေစိုက် ထိုတနေ့တော့ ရောက်လာမှာပါ ဇွဲမလျှော့နဲ့ ငါ့သူငယ်ချင်း…..”

အခုကြားခဲ့ရတာကတော့ ကျောင်းသားခေါင်းဆောင်တွေ ဟောပြောနေတဲ့ အသံပါ။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းကို ချီတက်ဖို့ စီစဉ်ချိန်မှာ အာဏာ ပိုင်တွေရဲ့ တားမြစ်မှုကိုခံခဲ့ရပေမဲ့ တက္ကသိုလ်ဝင်းထဲအထိ ဝင်ရောက်ဆန္ဒပြနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒုတိယမြောက်နေ့ ဆန္ဒပြပွဲ အခြေအနေနဲ့ ပတ်သက်လို့ ဗကသ အဖွဲ့ချုပ် သတင်းပြန်ကြား တာဝန်ခံ ကိုရဲရင့်ကျော်က အခုလိုပြောပြပါတယ်။

“ကျနော်တို့ ဒုတိယနေ့ သပိတ်မှောက်ဆန္ဒပြတာက သမိုင်းလမ်းဆုံကနေစပြီး ချီတက်လမ်းလျှောက်တယ်၊ နောက်ပြီးတော့ လှိုင်နယ်မြေကိုဖြတ်တယ်။ လှိုင်နယ်မြေကိုလည်းပိတ်ထားတယ်၊ ရန်ကုန်တက္ကသိုလ်ဝင်းကိုလည်း ပိတ်ထားတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းအထိ ရောက်တဲ့အခါမှာ အဓိပတိလမ်းမထိပ် မုဒ်ဦးမှာ တခါးပိတ်ထားတဲ့အတွက် ဝင်ခွင့်တောင်းတယ်၊ ဖွင့်ပေးဖို့ပြောပေမယ့် အာဏာပိုင်တွေက ဖွင့်မပေးဘူး။ အဲဒီတော့ ကျနော်တို့ ခဏထိုင်နေပြီးတော့ အာဏာပိုင်ကို အချိန်နာရီဝက်ပေးတယ်၊ နာရီဝက်ပြည့်တဲ့အထိ ဖွင့်မပေးတဲ့အတွက် ကျနော်တို့ တယောက်ချင်း ကျော်ဝင်တယ်။ ဝင်ပြီးတော့ သမဂ္ဂအဆောက်အအုံနေရာဖြစ်တဲ့ ဗိုလ်အောင်ကျော်ကျောက်တိုင်နေရာမှာ အလံတွေနဲ့ ကျောင်းသားတွေအားလုံး စုဝေးပြီး အခမ်းအနားကျင်းပတယ်ပေါ့နော်။ သမိုင်းအစဉ်အလာကြီးမားတဲ့ သမဂ္ဂအလံတော်ကို အလေးပြုတယ်။ သမဂ္ဂအဆောက်အအုံဟောင်း မြက်ခင်းပြင်မှာ ရဲဘော် ဗိုလ်အောင်ကျော်နဲ့ 7-July အတွင်း ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်ဟောင်းတွေရယ်။ နောက် ခေတ်အဆက်ဆက်က ကျဆုံးသွားတဲ့ ကျောင်းသားအပေါင်းကို ကျနော်တို့ အလေးပြုပါတယ်။ အဲဒီနောက်မှာတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ် တမိနစ် ငြိမ်တယ်။ ပြီးတော့ ကြေညာချက်သဘောထား ဖတ်ကြားတာ၊ ကော်မတီဝင်တွေ တဦးချင်းစကားပြောတာ၊ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အမှာစကားပြောတာ၊ အဲဒါ ပြောပြီးတဲ့နောက်ပိုင်းမှာ ကျောင်းဝင်းထဲကနေ ပြန်ထွက်လာပါတယ်။ ကျောင်းဝင်းထဲက ထွက်တဲ့အချိန် ကျောင်းအာဏာပိုင်တွေက သော့ဖွင့်ပေးပါတယ်။ အဲဒီကနေ ထွက်လာပြီး အခု လှည်းတန်း ဂုံးကျော်အောက်မှာ ကျနော်တို့ ထိုင်သပိတ်လုပ်နေပါတယ်။”

နောက်ရက်တွေဖြစ်တဲ့ အမျိုးသားနေ့နဲ့ နိုင်ငံတကာကျောင်းသားများနေ့တွေမှာလည်း ကျောင်းသားတွေဘက်က သပိတ်တွေ ဆက်လက် ဆင်နွှဲသွားမှာ ဖြစ်ပြီး ကျောင်းသားထုရဲ့ မကျေနပ်ချက် လိုလားချက်တွေကို နိုင်ငံတော်အစိုးရတင်မဟုတ်ပဲ အဓိက တာဝန်ရှိတဲ့ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်တွေ ကိုပါ အသိပေး တောင်းဆိုပါတယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။

“ဒါ သူတို့ အတင်းအဓမ္မ၊ လွှတ်တော်အဆင့်ဆင့်ရော၊ သမ္မတကိုယ်နှိုက်ကရော ပြဌာန်းလက်မှတ်ထိုးလာတဲ့အတွက် ဒါကိုကန့်ကွက်ဆန့်ကျင်ဖို့ ကျနော်တို့ သပိတ်မှောက်ခြင်းဖြစ်တယ်။ သူတို့လည်း စဉ်းစားစရာတစ်ခုတော့ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဥပဒေတွေပြဌာန်းခဲ့ပေမယ့် ကျောင်းသားတွေနဲ့ပတ်သက်တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြဌာန်းတဲ့အခါမှာ ကျောင်းသားကိုရော၊ ပြည်သူကိုရော လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်နှိုက်ကိုက ဒီအပေါ်မှာ အလေးထားခြင်း မရှိဘဲနဲ့ ပြန်ငဲ့ညှာခြင်းမရှိဘဲ အတည်ပြုခဲ့တဲ့အပေါ်မှာ ဒီလို တုံ့ပြန်မှုတွေ ရှိလာတယ်ဆိုတာကိုတော့ သူတို့ သတိထားမိမှာပါ။ ဒီ အမျိုးသားပညာရေးဥပဒေကို အတည်ပြုဖို့ ကြိုးစားနေချိန်မှာ ကန့်ကွက်ဖို့ တာဝန်မကျေခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အားနည်းချက်ကြောင့်မို့လို့ ဒီလိုကိစ္စတွေ ဖြစ်လာတာပါ။ ဒီလိုကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ရော၊ နိုင်ငံတော်အနေနဲ့ရော၊ အစိုးရအနေနဲ့ရော တာဝန်ရှိရှိနဲ့ ပြန်ပြီး ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

အာဏာပိုင်တွေဘက်က တားဆီးပိတ်ပင်ကန့်သတ်မှုတွေရှိနေပေမဲ့ ကျောင်းသားထုတွေဘက်က နိုင်ငံ အနာဂတ်အတွက် အရေးကြီးတဲ့ ပညာရေ မူတွေကို ခိုင်ခိုင်မာမာချမှတ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားကြမှာဖြစ်တယ်လို့လည်း ဗကသအဖွဲ့ချုပ် သတင်းပြန်ကြား တာဝန်ခံကပြောပါတယ်။

အခုအချိန်အထိတော့ အာဏာပိုင်တွေက ဆန္ဒပြကျောင်းသားတွေကို ဖမ်းဆီးမှုတွေမလုပ်ပေမဲ့ တားဆီးပိတ်ပင်မှုတွေနဲ့ စောင့်ကြည့် သတင်းရယူမှုတွေကို လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ကျောင်းသားတွေကပြောပါတယ်။ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေမှာ ၈၈ မျိုးဆက ်ကျောင်းသား ခေါင်းဆောင်တွေ ဘက်က လာရောက်အားပေးမှုတွေရှိသလို ငြိမ်းချမ်းရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ပန်းရဲ့လမ်းအဖွဲ့ကလည်း ငြိမ်းချမ်းရေးသီချင်းတွေ လာရောက်သီဆို အားပေးခဲ့တယ်လို့သိရပါတယ်။

XS
SM
MD
LG