သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC ခရီးစဉ် ကန့်ကွက်ဆန္ဒပြ


သာသနာ့အလံကို ကိုင်ဆောင်ပြီး - မြန်မာနိုင်ငံ လာရောက်မည့် OIC အဖွဲ့ကို သံဃာတော်တွေ ဆန္ဒပြနေစဉ်။ (၁၂ နိုဝင်ဘာ ၂၀၁၃)
သာသနာ့အလံကို ကိုင်ဆောင်ပြီး - မြန်မာနိုင်ငံ လာရောက်မည့် OIC အဖွဲ့ကို သံဃာတော်တွေ ဆန္ဒပြနေစဉ်။ (၁၂ နိုဝင်ဘာ ၂၀၁၃)
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ရန်ကုန်မြို့မှာ လူပေါင်း ၅၀၀ ကျော်
လောက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုစည်သူနိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကြွေးကြော်သံ - “OIC အလိုမရှိ၊ OIC အလိုမရှိ၊ OIC အလိုမရှိ….”

OIC နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူး မစ္စတာ Ekmeleddin Ihsauoglu ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် မစတင်ခင် ရန်ကုန်မြို့မှာ အခုလို ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။

OIC အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ကူညီလုပ်ဆောင်ပေးဖို့အတွက် ပြည်တွင်းက အခြေအနေတွေကို လာရောက် လေ့လာခြင်းဖြစ်တယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က သတင်းထုတ်ပြန်ထားပေမဲ့လည်း OIC အနေနဲ့ လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းတွေကို အကြောင်းပြပြီး ဘာသာရေး စွက်ဖက်မှုတွေ လုပ်လာမှာစိုးတဲ့အတွက် အခုလို ဆန္ဒပြရခြင်းဖြစ်ကြောင်း ဒီဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်တဲ့ ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

“ရခိုင်ဒုက္ခသည်ကို ခုတုံး လုပ်ပြီးတော့ မိမိဘာသာ၊ မိမိလူမျိုး ပြန့်ပွားအောင် တည်တံ့အောင် အလုပ်လုပ်သွားတာမျိုးကို ဘုန်းကြီးတို့အနေနဲ့ လုံး၀ လက်မခံနိုင်ပါဘူး။ အကယ်၍ အမှန်တကယ်အတိုင်း လူကို လူလိုမြင်တယ်၊ ထောက်ပံ့ချင်တယ်၊ ကူညီချင်တယ် ဆိုရင် မြန်မာနိုင်ငံက ကြားဝင်အဖွဲ့အစည်းတခုကို ထားပြီးတော့မှ မျှမျှတတ ရခိုင်ရော၊ ကုလားရော ထောက်ပံ့ပါ။ တန်းတူရည်တူ အခွင့်အရေးပေးပြီးတော့ ထောက်ပံ့ပါ။ ဒါဆို ဘုန်းကြီးတို့ လက်ခံပါတယ်။”

OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ OIC အဖွဲ့ရဲ့ခရီးစဉ်ဟာ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် အစိုးရ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ ဆန္ဒပြသူတွေကတော့ OIC ရဲ့ ခရီးစဉ်အပေါ် အယုံအကြည် မရှိကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုဝင်းခိုင်က ပြောပါတယ်။

“OIC ဆိုတဲ့ ၅၇ နိုင်ငံလုံးက လုံး၀ ရိုးသားမှုမရှိပါဘူး။ အဲ့ဒါကြောင့်မို့လို့ မြန်မာပြည် ငြိမ်းချမ်းအောင်လို့ - သူတို့ ဝင်လာရင် လုံး၀ ငြိမ်းချမ်းမှုရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အဓိက မြန်မာပြည် ငြိမ်းချမ်းအောင်လို့ပါ။”

OIC အနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးတဲ့အခါ တန်းတူညီမျှမှု ရှိသင့်တဲ့အကြောင်း ဆန္ဒပြသံဃာတစ်ပါးကလည်း အခုလို မိန့်ပါတယ်။

“OIC ကို ဦးဇင်းတို့ နားလည်တာက OIC ဆိုတာ လူမျိုးမရွေး၊ ဘာသာမရွေး၊ သူတို့က လူသားချင်းစာနာတဲ့ သူတို့က အသိစိတ်ဓာတ်နဲ့ လုပ်ပေးနေတယ်။ ဒါပေမဲ့ ရခိုင်မှာ သွေးခွဲပြီးတော့ လုပ်နေတာတွေကို တွေ့ရတယ်။ အဲ့ဒါကြောင့် OIC လာတာကို ဦးဇင်းတို့ မြန်မာနိုင်ငံတော်အတွက် အကျိုးမရှိဘူးလို့ ဦးဇင်းတို့ထင်တယ်။ အဲ့ဒါကြောင့် လုပ်တာ။”

OIC ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူများဟာ ရွှေတိဂုံဘုရားအရှေ့ဖက်မုဒ်ကနေ ဆူးလေစေတီတော်အထိ လမ်းလျှောက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဆန္ဒပြပွဲမှာ မြန်မာပြည်အရေး OIC ဝင်ရောက် မစွက်ဖက်ရေးနဲ့ မြန်မာနိုင်ငံတွင်း OIC ရုံးဖွင့်လှစ်ခွင့် လုံး၀ ခွင့်မပြုနိုင်တဲ့ အချက်တွေကို အဓိက တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သူ ဘယ်သူကိုမဆို သူတို့အနေနဲ့ ကန့်ကွက် ဆန္ဒပြသွားမှာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

“မြန်မာပြည်ရဲ့ ပြည်တွင်းရေးကိစ္စ၊ ဘာသာရေးကိစ္စပဲဖြစ်စေ၊ လူမှုရေးကိစ္စပဲဖြစ်စေ၊ ပြည်ပနိုင်ငံများရဲ့ စွက်ဖက်မှုကို ဘုန်းကြီးတို့က လုံး၀ လုံး၀ ကန့်ကွက်သွားပါမယ်။ အဲ့ဒီလို ဘာဖြစ်လို့ကန့်ကွက်ရသလဲဆိုရင် ဘုန်းကြီးတို့ လူမျိုးပျောက်မယ်၊ ဘာသာပျောက်မယ်၊ တိုင်းပြည်ပျောက်မယ်၊ ဘာသာပျောက်မှာ၊ လူမျိုးပျောက်မှာ၊ တိုင်းပြည်ပျောက်မှာ ကြောက်လို့မို့လို့ ဘုန်းကြီးတို့ရဲ့ မြန်မာပြည် မည်သည့်နေရာမဆို OIC ရုံးဆောက်ခွင့်ကိုလည်း လုံး၀ ခွင့်ပြုမှာမဟုတ်ဘူး။ မိမိတို့ရဲ့ လူမျိုးတွေကို ၈၂ ဥပဒေအရကိုလည်း ၈၂ ဥပဒေကိုလည်း ဘုန်းကြီးတို့က ကာကွယ်ပေးသွားရမယ်။ သူတို့ လူမျိုးတွေကို အဆင်ပြေစေချင်တယ်ဆိုရင် OIC ၅၇ နိုင်ငံကနေ ခွဲဝေပြီးတော့ ယူသွားကြပါ။ ခေါ်သွားကြပါလို့ ဘုန်းကြီးတို့က ပြောချင်တယ်။”

OIC ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ရန်ကုန်မြို့လယ်မှာ ပြုလုပ်နေတဲ့ တချိန်တည်းမှာပဲ ရန်ကုန် အင်းစိန်ဘက်နဲ့ ရခိုင်ပြည်နယ်အတွင်းက နေရာတချို့မှာလည်း ဒီကနေ့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ့် OIC နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံမှာဖြစ်ပြီး NLD ပါတီဥက္ကဌလည်းဖြစ်၊ လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။
XS
SM
MD
LG