သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြှင့်


၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြနေသူများ။ (မတ်လ ၂၉၊ ၂၀၁၄)
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြနေသူများ။ (မတ်လ ၂၉၊ ၂၀၁၄)
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရေးအတွက် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေက မြန်မာပြည် အနှံ့အပြား ဆန္ဒပြတောင်းဆိုနေကြရာမှာ ဒီကနေ့မှာတော့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်အတွင်း တက်ကြွလှုပ်ရှားသူ ၅၀၀ နီးပါး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဥပဒေအတိုင်း လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေဟာ လက်ရှိအခြေအနေမှာ အားရကျေနပ်စရာမရှိဘူးလို့လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းနေသူတွေက ယူဆနေကြပါတယ်။ ဒီအခြေအနေတွေကိုတော့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

စမ်းချောင်းမြို့မှာ ဒီကနေ့လုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဦးဆောင်တဲ့ တက်ကြွလှုပ်ရှားသူ ၅၀၀ လောက်ပါဝင်ပြီး စမ်းချောင်းမြို့နယ်တွင်း နေရာအတော်များများကို ဒီညနေပိုင်း ချီတက်ဆန္ဒပြခဲ့ကြတာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး…(တို့အရေး၊ တို့အရေး)
….
ပုဒ်မ ၅၉၊ (အလိုမရှိ၊ အလိုမရှိ)

ဆန္ဒပြပွဲအတွက်လုပ်ဖို့ သက်ဆိုင်ရာကို ကြိုတင် ခွင့်ပြုချက်တောင်းခံပြီး လူ ၂၀၀ ပဲ ခွင့်ပြုခဲ့ပေမယ့် အခု ဆန္ဒပြတော့ လူ ၅၀၀ ကျော်ခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာအာဏာပိုင်ဘက်က တစုံတရာ တားဆီးတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒီမတိုင်ခင်ရက်တွေကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြမှုတွေဟာ မြန်မာနိုင်ငံနေရာအတော်များများမှာ နေ့စဉ်လိုလို ဖြစ်နေပါတယ်။ အခုလို ဆန္ဒပြမှုတွေကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းဆောင်ရွက်မှုကို ဖိအားသဘောဖြစ်စေမယ်လို့ ဆန္ဒပြသူအချို့က မျှော်လင့်ပါတယ်။

ဒီကနေ့ ဆန္ဒပြသူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဆန်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြသူတွေရဲ့ သဘောထားကို လေးစားဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

“တိုင်းပြည်တကယ်ကောင်းဖို့ ဒီဥပဒေတွေကို ပြင်ဖို့ လိုအပ်တယ်ဆိုရင်တော့ ဒီဥပဒေတွေကို ပြုပြင်ပေးတာ အကောင်းဆုံးပေါ့နော်၊ တိုင်းပြည်အတွက်ကော၊ အားလုံးအတွက်ကောပေ့ါနော်။ တကယ်လို့ ဒီအသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီဘက်ကို ဦးတည်ပြီး သွားနေတယ်ဆိုလို့ရှိရင်လည်း ပြည်သူလူထုက မကြိုက်တဲ့၊ ပြည်သူလူထု မလိုလားတဲ့ ဒီဖွဲ့စည်းပုံ ဥပဒေတွေကိုတော့ ပြင်ပေးရမယ်လို့ ကျနော်တို့က ယုံကြည်တယ်ခင်ဗျ။”

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းတို့အကြား တွေ့ဆုံညှိနှိုင်းပြီးတဲ့နောက် ဖွဲ့စည်းပုံပြင်ရေးလမ်းပေါ် ဆန္ဒပြမှုတွေ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။ အချို့နေရာတွေမှာဆိုရင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြတာပါ။ အခု လမ်းပေါ်ဆန္ဒပြမှုတွေဟာ ပြည်သူ့ဆန္ဒအမှန် ဖြစ်တယ်လို့ ယူဆတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဗဟိုကော်မတီဝင် ဦးကိုနီက ပြောပါတယ်။

“အဖွဲ့ချုပ်ရဲ့ အခန်းကဏ္ဍက အသစ်ရေးမလား၊ သို့မဟုတ် လက်ရှိ ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို ပြင်မလားဆိုတာကို လူထုဆန္ဒခံယူမယ်ဆိုပြီး အောက်တိုဘာလနဲ့ နိုဝင်ဘာလထဲမှာ ကျနော်တို့ လုပ်ခဲ့တယ်။ ဒါ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုပါပဲ။ အဲဒီလိုလုပ်တဲ့အခါမှာ ကျနော်တို့ အဖွဲ့ချုပ်ကနေပြီးတော့ ပြည်နယ်နဲ့တိုင်း (၁၄) ခုလုံးကို ပြင်ဆင်ရေး ဗဟိုကော်မတီဝင် ၇ ဦးကနေပြီး ကွင်းဆင်းပြီးတော့မှ ဟောပြောပွဲတွေလုပ်တယ်။ ပြည်သူ့ဆန္ဒတွေကို ယူတယ်ပေါ့ဗျာ။ အဲဒီတော့ အဲဒီမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေကို တော်တော်များများကို ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့အချက်တွေကို ကျနော်တို့က ပြည်သူလူထုကို ရှင်းပြနိုင်ခဲ့တယ်။ အဲဒီမှာ ပြည်သူလူထုကလည်း ကောင်းကောင်း သဘောပေါက်သွားတယ်။ သဘောပေါက်သွားတဲ့နောက်ပိုင်း အခုလို လမ်းတွေပေါ်မှာ ထွက်ပြီးဆန္ဒပြတာတွေဟာ ဒါ ပြည်သူ့ဆန္ဒ ဖြစ်သွားပြီ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့တဲ့အချိန်မှာကတည်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်သွားမယ်ဆိုတာကို မဲဆွယ်စည်းရုံးမှု ကတိကဝတ်အနေနဲ့ ပြောဆိုထားခဲ့တာပါ။ ဒါပေမယ့် ဒီကြားကာလထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လက်တွေ့ပြောရင် လွှတ်တော် အကောင်အထည်ဖော်ရေး ကော်မတီ ပေါ်လာတာပဲ ရှိပါသေးတယ်။ ဦးကိုနီကတော့ ဖွဲ့စည်းပုံပြင်ရေး လွှွတ်တော်တွင်းအခြေအနေကို အားရမှုမရှိတာ တွေ့ရပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးကော်မတီကို ၁၀၉ ဦးနဲ့ဖွဲ့တယ်။ ၄ လကျော်၊ ၅ လကျော် အချိန်ကြာသွားပြီးတော့မှ ဘာအဖြေမှ ထွက်မလာဘဲနဲ့ ပြည်သူ့ဆန္ဒတွေကို Data တွေအဖြစ် ပြောင်းပြီးတော့ ထောက်ခံတာက ဘယ်သူ၊ မထောက်ခံတာက ဘယ်လောက်၊ ဘယ်ပုဒ်မကို ပြင်ချင်တယ်၊ မပြင်ချင်ဘူးဆိုပြီးတော့ Data တွေကိုပဲ စုဆောင်းပြီးတော့ လွှတ်တော်ကို တင်ပြထားတာ တွေ့ရတယ်။ အဲဒီ ၁၀၉ ဦးကော်မတီက ဖွဲ့စည်းပုံကို ပြင်သင့်ပါတယ်၊ ဘယ်ပုဒ်မတွေကို ပြင်သင့်ပါတယ်၊ ဘယ်နည်းဘယ်ပုံ ပြင်သင့်ပါတယ်ဆိုတဲ့ သဘောထားမှတ်ချက်ပေးတာကို ကျနော်တို့က မတွေ့ရဘူး၊ အဲဒါ ဘာတုန်းဆိုတော့ ကျနော်တို့ရဲ့ အချိန် ၅ လလောက်ဟာ ရှုံးသွားတယ်၊ ရှုံးနိမ့်သွားတယ်ဆိုတာ ဒီလိုပဲ ခံစားရတယ်။

"နောက်တခါ ဒုတိယတချက်အနေနဲ့ ပြင်ဆင်ရေးကော်မတီဆိုပြီးတော့ ၃၁ ဦးနဲ့ထပ်ပြီးတော့ ဖွဲ့တယ်။ ကျနော်တို့အဖွဲ့ချုပ်ကလည်း ၂ ယောက်တော့ ပါတယ်ပေါ့ဗျာ။ ဒါပေမယ့်လို့လည်း ဒီအဖွဲ့ဟာ လွှတ်တော်က ဖွဲ့ပေးထားတဲ့အတွက် သူက လွှတ်တော်ကိုတာဝန်ခံပြီး လုပ်နေရတဲ့အဖွဲ့သာ ဖြစ်တယ်။ အဲဒီတော့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကြည့်လိုက်လို့ရှိရင် သူ့ရဲ့လုပ်ပိုင်ခွင့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထက် ကျော်ပြီး သူတို့ ဘာမှ လုပ်လို့မရဘူး”

ဖွဲ့စည်းပုံပြင်ရေးအတွက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်နာယက သုံးဦးတို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံလိုတယ်ဆိုပြီး ကမ်းလှမ်းထားပေမယ့် သမ္မတရုံး ဘက်ကတော့ အချိန်မကျသေးဘူးဆိုပြီး ငြင်းထားတာပါ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မတော်နေ့ မိန့်ခွန်းမှာလည်း လက်ရှိဖွဲ့စည်းပုံကို အကာအကွယ်ပေးရမယ်လို့ ပြောသလို ပြင်ဆင်မယ်ဆိုရင်လည်း ဖွဲ့စည်းပုံပါ ပြဌာန်းချက်အတိုင်း ပြင်မယ်လို့ အဖြေပေးထားတာကြောင့် အတိုက်အခံလှုပ်ရှားသူတွေ တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံပြင်ရေးဟာ လက်တွေ့မှာ လွှတ်တော်တွင်း ဆောင်ရွက်နိုင်ဖို့ အကန့်အသတ်တွေ အခက်အခဲတွေ ရှိနေတုန်းပါပဲ။
XS
SM
MD
LG