သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာရှ AL-Qaida ခါင်းဆောင် ဖြစ်နိုင်သူ ၅ဦး ပါကစ္စတန် ဖမ်းဆီး


al Qaida တွေကို ပါကစ္စတန် ဖမ်းမိ။
al Qaida တွေကို ပါကစ္စတန် ဖမ်းမိ။

အသစ် ဖွဲ့စည်းလိုက်တဲ့ တောင်အာရှ Al-Qaida အဖွဲ့ရဲ့ ကရာချိမြို့ခေါင်းဆောင်လို့ ယူဆရသူ အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။ Shahid Usman နဲ့ တခြား အဖွဲ့ဝင် ၄ ဦးတို့ကို တိုင်းပြည်တောင်ပိုင်း ဆိပ်ကမ်းမြို့မှာ အခုသီတင်းပတ်အတွင်း ဖမ်းဆီး ရမိလိုက်ကြောင်း လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ Usman ဟာ Al-Qaida အဖွဲ့ရဲ့ ကရာချိမြို့ခေါင်းဆောင်ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

တောင်အာရှဆိုင်ရာ သူတို့ရဲ့ အဖွဲ့ခွဲကို ဖွင့်လှစ်လိုက်ကြောင်း Al-Qaida အဖွဲ့က စက်တင်ဘာလမှာ ကြေညာလိုက်ပြီး အိန္ဒိယတိုက်အတွင်း Jihad လုပ်ငန်းတွေနဲ့ အစ္စလာမ်ဝါဒီ အုပ်ချုပ်မှုတွေ တိုးမြင့် လုပ်ဆောင်သွားမယ်လို့ Al-Qaida အဖွဲ့ခေါင်းဆောင် Ayman al-Zawahiri က ကြေငြာခဲ့ပါတယ်။

Al-Qaida အဖွဲ့အနေနဲ့ အိန္ဒယတိုက်အတွင်းက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ အပြင် အိန္ဒိယနိုင်ငံက Gujarat ၊ အာသံ ၊ Kashmir ပြည်နယ်တွေမှာ မတရား ဖိနှိပ်ခံနေရတဲ့ မူဆလင်တွေကို ကယ်တင်သွားမယ်လို့ အင်တာနက် အွန်လိုင်းပေါ်မှာ ထုတ်လွင့်ခဲ့တဲ့ ၅၅ မိနစ်ကြာ ဗွီဒီယို မိန့်ခွန်းအတွင်း Zawahiri က ခြိမ်းချောက် ပြောဆိုထားပါတယ်။

Jihad တိုက်ခိုက်ရေးသမားတွေအကြား ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေအတွင်းက နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်တဲ့ IS အစ္စလာမ် အစွန်းရောက်အဖွဲ့ အပေါ် ထောက်ခံအားပေးသူ ပိုများလာနေပြီး တဖြည်းဖြည်း မှေးမှိန်လာနေတဲ့ သူတို့အဖွဲ့ရဲ့ အခန်းကဏ္ဍကို ပြန်လည် မြင့်တင်နိုင်အောင် Al-Qaida အဖွဲ့က အခုလို လုပ်ဆောင်ခြင်းဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

XS
SM
MD
LG