သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PSLF / TNLA ကိုယ်စားလှယ်အဖွဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ကူမင်း ရောက်


PSLF/ TNLA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား (ဓါတ်ပုံ - PSLF/TNLA)
PSLF/ TNLA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား (ဓါတ်ပုံ - PSLF/TNLA)

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နဲ့ တအာင်းအဖွဲ့လို့ သိကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်း TNLA က ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ရောက်နေကြပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုအရ မနက်ဖြန် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဆွေးနွေးပွဲ စတင်မယ်လို့ PSLF/ TNLA က VOA ကို ပြောပါတယ်။

သူတို့ဘက်က ဘာတွေကို အဓိကထား ဆွေးနွေးကြမလဲဆိုတာနဲ့ ပတ်သက်လို့ ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ ၂ ဘက် စစ်ရေးတင်းမာနေချိန်မှာပဲ တရုတ်နိုင်ငံရဲ့ စီစဉ်ပေးမှုအရ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နဲ့ သူ့ရဲ့လက်နက်ကိုင်အဖွဲ့အစည်း TNLA တအာင်းအဖွဲ့က ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ PSLF/ TNLA ကိုယ်စားလှယ်အဖွဲ့ဟာ အခုလက်ရှိ တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်နေကြပြီး မနက်ဖန်မှာ ဆွေးနွေးပွဲ စတင်မှာဖြစ်ကြောင်း PSLF/ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို ပြောပါတယ်။

“လက်ရှိ ကျမတို့ ကိုယ်စားလှယ်တွေက မြန်မာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ကူမင်းမြို့မှာ ရောက်နေတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကတော့ မနက်ဖန် စမှာ ဖြစ်ပါတယ်။”

စစ်ကောင်စီနဲ့ ဆွေးနွေးတဲ့အခါ PSLF/ TNLA ဘက်က ဘာတွေကို အဓိကထားဆွေးနွေးသွားမယ်ဆိုတာကို ပြောခွင့်ရ လွေးယေဦးက အခုလို ပြောပြပါတယ်။

“ကျမတို့ဘက်က ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့မှ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားဖို့နဲ့ ဒေသခံပြည်သူလူထု ရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ ၁ မှုး ) ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်တက်ရောက်မှာဖြစ်ပြီး PSLF/ TNLA ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်မှာဖြစ်ကြောင်း PSLF/ TNLA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။ TNLA တအာင်းအဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၃ အောက်တိုဘာက ၁၀၂၇ စစ်ဆင်ရေးကို စတင်တဲ့ တိုင်းရင်းသား ညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့ထဲက တဖွဲ့ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ပထမတခေါက် သဘောတူခဲ့ကြတဲ့ ဟိုင်ဂင်ဆွေးနွေးပွဲ ပျက်ပြယ်ပြီးနောက် စစ်ကောင်စီနဲ့ PSLF/ TNLA အကြား ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံကြမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလ အတွင်းမှာလည်း စစ်ကောင်စီနဲ့ MNDAA ကိုးကန့် ကိုယ်စားလှယ်အဖွဲ့ဟာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ MNDAA အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ကြေညာခဲ့ပါတယ်။ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ MNDAA တို့က တစုံတရာ ထုတ်ပြန်ကြေညာတာ မရှိခဲ့ပါဘူး။ နောက်ထပ် တိုင်းရင်းသားညီနောင် မဟာမိတ်အဖွဲ့ဖြစ်တဲ့ AA အာရက္ခတပ်တော်ကတော့ ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ဆက်လက်တိုက်ပွဲ ဖြစ်နေပါတယ်။

Forum

XS
SM
MD
LG