သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုပွဲ ရန်ကုန်မြို့မှာ ခြိမ့်ခြိမ့်သဲ


ရန်ကုန်၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုကို အသိပေးဟောပြောပွဲကျင်းပစဉ်။ (မေ ၁၇၊ ၂၀၁၄)
ရန်ကုန်၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုကို အသိပေးဟောပြောပွဲကျင်းပစဉ်။ (မေ ၁၇၊ ၂၀၁၄)
အများက ပြင်ဆင်ဖို့လိုလားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သမ္မတ ဦသိန်းစိန်ကိုယ်တိုင်က ပြင်ဖို့ လိုလားဟန်မရှိဘူး၊ တပ်မတော်သားတွေ အနေနဲ့လည်း တခြားပြည်သူ ပြည်သားတွေထက် ပိုပြီးတော့ အခွင့်အရေးရနေတာဟာ တကယ်ဝမ်းသာစရာဟုတ်ရဲ့လားဆိုတာကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပါတယ်။ ရန်ကုန် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

လက်ရှိသမ္မတ ဦးသိန်းစိန်ပြောတဲ့ မိန့်ခွန်းတွေထဲက စကားလုံးအသုံးအနှုန်းတွေကို အခြေခံမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လုံး၀ မလိုလားဘူးဆိုတာ အထင်အရှားတွေ့နိုင်တယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ မှာ အခုလို ပြောဆိုသွားခဲ့တာပါ။

“ပြည်သူတွေကို တစ်ခုတော့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။ မတ်လ ၂၆ ရက်နေ့တုန်းက လွှတ်တော်ထဲမှာ သမ္မတကြီးဦးသိန်းစိန် ပြောသွားတဲ့မိန့်ခွန်းကို လေ့လာကြပါ။ လေ့လာရမယ်- ဒါ ပြည်သူတွေရဲ့တာဝန်၊ လေ့လာမှ အကြောင်းသိမှာ။ အဲဒီအထဲမှာ ဆိုလို့ရှိရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ပြီးတော့ တည်စေချင်တဲ့သဘောတရားတွေ ပါတယ်လို့ ကျမက မြင်ပါတယ်။”

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ လက်ရှိပြည်ထောင်စု လွှတ်တော်အတွင်းကပဲ ပြင်ဆင်ဖို့ သူမအနေနဲ့ ဆန္ဒရှိပြီးတော့ ပြည်သူတွေကလည်းဒီ လမ်းကြောင်းပေါ်က လိုက်ပါကြဖို့ကိုလည်း ဒီကနေ့ အလေးအနက် တိုက်တွန်းခဲ့ပါတယ်။

“လွှတ်တော်အတွင်းက ပြင်စေချင်တယ်လို့ ပြောတာ တကယ်ဆိုလို့ရှိရင် ဒီလွှတ်တော်ကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်ပါပဲ။ သို့သော်ငြားလည်း ကျမတို့က ဘယ်လိုမှ တဖက်စောင်းနင်း မစဉ်းစားဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုက ဘာလဲဆိုတော့ မတူညီတဲ့သဘောတရားတွေ ရှိလို့ရှိရင် ဆွေးနွေးပြီးတော့ ညှိနှိုင်းနိုင်တဲ့အရည်အချင်းတွေ ကျမတို့ မွေးထုတ်ရမယ်။ လွှတ်တော်အတွင်းကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဝိုင်းဝန်းပြီးတော့ ကျမတို့ကို ကူညီပေးစေချင်တယ်။ ထောက်ခံပေးစေချင်တယ်။”

တစ်ချိန်တည်းမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့နေရာမှာ အဓိကသော့ချက် ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ အချက်မှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍဟာ သာမန်လူတွေထက် အခွင့်အရေးပိုရသလို ဖြစ်နေတဲ့အတွက် စစ်တပ်အနေနဲ့ လက်နက်အင်အားနဲ့ အသားစီး မယူဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

“၄၃၆ ဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေးပေးထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ဒီလိုပဲ ပြောရမှာပဲ၊ ရှင်းရှင်းလင်းလင်းဆိုရင်- ဘာဖြစ်လို့လဲဆိုတော့ ဒီ ၄၃၆ အရဆိုလို့ရှိရင် တပ်မတော်သားတွေရဲ့ သဘောတူညီချက်မရှိဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အဓိကပုဒ်မတွေကို ကျမတို့က ပြင်လို့မရဘူး။ တပ်မတော်သားတွေကို ကျမ မေတ္တာရပ်ခံချင်ပါတယ်။ စဉ်းစားကြည့်ပါ၊ တခြားပြည်သူပြည်သားတွေထက် ပိုပြီးတော့ အခွင့်အရေး ရနေတာဟာ တကယ်ပဲ ဝမ်းသာစရာကိစ္စ ဟုတ်ရဲ့လားဆိုတာ စဉ်းစားစေချင်ပါတယ်။ ကိုယ့်ဘေးကလူတွေထက် ကိုယ်ကနေပြီးတော့ - လက်နက်အာဏာကြောင့် - နောက်ဆုံး ကျမ ဒီလို မပြောချင်ပေမယ့်လည်း စစ်တပ်များရဲ့အဓိကအင်အားဟာ လက်နက်ပါပဲ၊ လက်နက်အာဏာကြောင့်မို့လို့ အထူးအခွင့်အရေး ရတယ်ဆိုတာဟာ သိက္ခာရှိရဲ့လား၊ ကိုယ့်အတွက်ကောင်းရဲ့လားဆိုတာ ကျမ အများကြီး စဉ်းစားစေချင်ပါတယ်။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မလုပ်ဆောင်ခင်တုန်းက သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယက၊ အတိုက်အခံခေါင်းဆောင်တို့ ၄ ပွင့် ဆိုင် ဆွေးနွေးကြဖို့ တောင်းဆိုမှုကိုလည်း အာဏာပိုင်တွေဘက်က ပယ်ချခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်လည်း တက်ရောက် ဟောပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းပြည် အုပ်ချုပ်သူတွေနဲ့ စနစ်အမှားကြောင့် နိမ့်ပါးနေလို့ မြန်မာတွေဟာ ကျွန်မဟုတ်ဘဲ သခင် ဆိုတာ ကမ္ဘာ့အလယ်မှာ ပြနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး အားလုံးပါဝင်ကြပါလို့ ကိုမင်းကိုနိုင်ကလည်း တိုက်တွန်းခဲ့ပါတယ်။

“ကျနော်တို့လူမျိုးဟာ သယံဇာတ ကြွယ်ဝပါလျှက်နဲ့၊ လူတွေမှာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားပါလျှက်နဲ့ စနစ်မကောင်းလို့၊ အုပ်ချုပ်ခဲ့တဲ့သူတွေရဲ့ အမှားအယွင်းကြောင့် ဒီနေ့ အနိမ့်ပါးဆုံးရောက်နေတယ်ဆိုတာကို ကျနော်တို့ ကိုယ်တိုင်သိတယ်။ ဒါကြောင့် ကျနော်တို့ဟာ ရုပ်ဝတ္ထုတွေအရ နိမ့်ပါးနေပေမယ့် စိတ်ဓာတ်ရေးရာမှာတော့ ဘယ်တော့မှ ကျွန်မခံဘူး၊ သခင်စိတ်၊ သခင်မာန်နဲ့ သခင်တို့ရဲ့အလံ၊ ဟောဒီမှာ တိုက်ပွဲဝင် အမျိုးသား ခွပ်ဒေါင်းအလံနဲ့ ကဒေါင်းအလံ နှစ်လက်ကို တပြိုင်တည်း လွှင့်ထူရင်း ကျွန်မဟုတ်တဲ့ သခင်တွေအဖြစ် ပြကြပါလို့ တိုက်တွန်းရင်း နှုတ်ဆက်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

ဒီကနေ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲကို လူပေါင်း ၅ သောင်းနီးပါး ဗိုလ်စိန်မှန် ကွင်းလုံးပြည့် တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ မနက်ဖန်မှာတော့ မန္တလေးမြို့က အောင်ပင်လယ်ကွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲကိုလည်း အဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပေါင်းပြီးဟောပြောမှာ ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG