သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း သတင်းစာရှင်းလင်း

ရန်ကုန်မြို့က သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်တစ်ခု။ (သြဂုတ်လ ၂၀ ရက်၊ ၂၀၁၃)။
ရန်ကုန်မြို့က သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်တစ်ခု။ (သြဂုတ်လ ၂၀ ရက်၊ ၂၀၁၃)။
စစ်အစိုးရလက်ထက် နိုင်ငံပိုင်မီဒီယာတွေကို အသွင်ပြောင်းမယ့် Public Service Media လို့ခေါ်တဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုင်ရာ ဥပဒေတရပ်ထုတ်ပြန်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန က ရေးဆွဲလိုက်တဲ့ မူကြမ်းကို မြန်မာ့မီဒီယာအသိုင်းအဝိုင်းက ကန့်ကွက်လိုက်ပါတယ်။
အသစ်ချမှတ်မယ့် အများပြည်သူဝန်ဆောင်မှုမီဒီယာနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က စနေနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က အပြည့်အစုံတင်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေမှုကြမ်းကို မီဒီယာ လောက အသိုင်းအဝိုင်းက ကန့်ကွက်လို့ မဆုံးသေးခင်မှာပဲ အများပြည်သူဝန်ဆောင်မှုမီဒီယာဆိုတဲ့ ဥပဒေ ကြမ်းတရပ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ချပြလာတာပါ။ လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ချပေးမယ့် ပြည်သူ့ဘဏ္ဍာငွေတွေထဲကနေ အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေ အတွက် ပြန်ပြီးသုံးမယ် ဆိုတဲ့အချက်ကို ပြည်တွင်း မီဒီယာ အသိုင်းအဝိုင်းက လုံးဝလက်မခံဘူး လို့ ပြောလာခဲ့တာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးှဌာနက ဦးရဲထွဋ်ကတော့ အခုလို အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေတရပ်ကို အကောင်အထည်ဖော်နိုင်အောင် ပြင်ဆင်ရတာ ဟာ ပြည်သူတွေအားလုံးအတွက် မျှမျှတတဖြစ်စေတဲ့ မီဒီယာ လုပ်ငန်းတွေ ဖြစ်လာစေဖို့နဲ့၊ ပုဂ္ဂလိကပိုင်မီဒီယာတွေ မလုပ်နိုင်တဲ့ အခန်းကဏ္ဍတွေမှာ ဝင်ပြီးလုပ်ကိုင်နိုင်အောင် ပြုလုပ်တာလို့ ပြောပါတယ်။

“ဒီကနေ့ အသွင်ကူးပြောင်းတဲ့နိုင်ငံတွေ market globalization လုပ်တဲ့နိုင်ငံတွေမှာ မီဒီယာကို တဖြည်းဖြည်းချင်း ချုပ်ကိုင်လာကြတာပါ။ ဥပမာ ဒီကနေ့ Rupert Murdoch ဆိုရင် သူ ချုပ်ကိုင်တာများလွန်းတော့ အင်္ဂလန်မှာ ပြစ်မှုဆိုင်ရာ ပြဿနာတွေဖြစ်လာတယ်။ ဆိုတော့ သူတို့တောင်မှ ပြန်ပြီးတော့ မီဒီယာ monopoly ကို ဘယ်လိုပြန်ထိန်းရမလဲ ဆိုပြီး ဆောင်ရွက်လာရတဲ့သဘော ရှိနေတယ်။ နောက်တစ်ခုက ကျနော်တို့က လွတ်လပ်စွာ စာနယ်ဇင်း ထုတ်ဝေခွင့်ကို ကျနော်တို့က ထိန်းချုပ်တာ မဟုတ်ပါဘူး။”

အများပြည်သူဝန်ဆောင်မှု မီဒီယာတွေကြောင့် ပုဂ္ဂလိက မီဒီယာတွေပေါ်မှာပြောခွင့်မရှိတဲ့ လူတွေ ပြောခွင့်ရလာနိုင်သလို၊ တိုင်းရင်းသားဘာသာစကားတွေနဲ့ ထုတ်လွှင့်တဲ့ မီဒီယာတွေ ဖြစ်ဖို့ကိုလည်း ဒီ ဥပဒေနဲ့ ခိုင်ခိုင်မာမာ အကာအကွယ်ပေးထားတယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ပြည်တွင်းက ထိပ်တန်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ Eleven media group ကတော့ ဒီဥပဒေ ပြဌာန်းတာဟာ စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေးတွေကို ကန့်ကွက်ပိတ်ပင်တာဖြစ်တယ်လို့ ရှုမြင်ပြီး၊ အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေကိုလည်း ကန့်ကွက်တယ်လို့ပြောပါတယ်။ Eleven Media Group က ထုတ်ဝေနေတဲ့ Daily Eleven နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး ကတော့ အခုလို ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ PSM ရဲ့ ရပ်တည်မှုက စောနကပြောတဲ့ဥပဒေထဲမှာ ပါဝင်တဲ့အချက်တွေမှာ၊ PSM ကို အကာအကွယ်ပေးထားတဲ့ အချက်တွေသာ ပါဝင်ပြီးတော့ တိကျတဲ့ပြဌာန်းချက်မရှိပါဘူး။ ကျင့်ဝတ်နဲ့ထိန်းသိမ်းထားတာ တခုတည်းပဲ ရှိတာပါ။ ကျနော်တို့ အားလုံးမှာတော့ အခုထိ ဒီလို ပြစ်မှုပြစ်ဒဏ်တွေ ရှိနေဆဲပါပဲ။ ဒါက တစ်ချက်ပါ။”

နိုင်ငံတကာနဲ့ အနောက်ဥရောပ နိုင်ငံတွေရဲ့ ရုပ်သံလွှင့် မီဒီယာတွေမှာ အများပြည်သူ ဝန်ဆောင်မှုမီဒီယာ လုပ်ငန်းတွေကို ကျင့်သုံးတာတွေရှိပေမဲ့၊ ပုံနှိပ်သတင်းစာလုပ်ငန်းတွေမှာတော့ အများပြည်သူဝန်ဆောင်မှု မီဒီယာကို သိပ်မတေ့ွရဘူးလို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌလည်းဖြစ်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ရဲ့ ပြောခွင့်ရှိသူလည်းဖြစ်တဲ့ ဦးသီဟစောက ပြောပါတယ်။

“အဓိက ကတော့ public service media မှာ public service broadcast နဲ့ public service newspaper ပေါ့နော်။ public service broadscast ဆိုတာကတော့ နိုင်ငံတကာမှာလည်း ကျင့်သုံးကြတယ်။ အဲဒီအပိုင်းကိုတော့ ကျနော်တို့ လက်ခံလို့ရတယ်။ public service newspaper ကတော့ တကမ္ဘာလုံးမှာ မရှိသလောက် နည်းတယ်ပေါ့နော်။ ဘာဖြစ်လို့ ဒီမှာလုပ်လဲ။ လုပ်စရာမလိုဘူးဆိုတဲ့သဘော ကျနော်တို့ ပြောတယ်။”

လက်ရှိအချိန်မှာ အရင် စစ်အစိုးရ လက်ထက်တွေတုန်း က ပြည်သူပိုင် သိမ်းထားတဲ့ ကြေမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေကို အများပြည်သူ ဝန်ဆောင်မှု သတင်းစာတွေအဖြစ် ပြောင်းလဲတာကို လက်မခံသလို၊ ဒီသတင်းစာတွေဟာ အရင် စစ်အစိုးရလက်ထက်တွေမှာ ရှေ့က ပြေးပြီး သားဖြစ်နေတဲ့အတွက် အစိုးရပိုက်ဆံနဲ့ ထပ်ပေါင်းပြီး စီးပွားရေးလုပ်တဲ့အခါမှာ အခုလက်တလော ထုတ်ဝေခွင့်ပေးထားတဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေက သတင်းစာတွေကို နှိပ်ကွပ်ရာကျတယ်လို့လည်း ပြည်တွင်း မီဒီယာ အသိုင်းအဝိုင်းက မှတ်ချက်ပြုပြောဆိုပါတယ်။

ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဆန်း လက်ထဲကနေ ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည် လက်ထဲမှာပဲ ပြန်ကြားရေးက ရေးဆွဲလာတဲ့ ဥပဒေမူကြမ်းတွေဟာ လက်တွေ့ အလုပ်လုပ်နေတဲ့ သတင်းမီဒီယာသမားတွေနဲ့ ထိပ်တိုက်တွေ့ဆုံနေတာဟာ အခုတစ်ကြိမ်ဟာဆိုရင် ဒုတိယ အကြိမ်ရှိလာပါပြီ။ လက်ရှိအချိန်မှာ ပြန်ကြားရေးက ပုံနှိပ်ထုတ်ေ၀ ဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်ပြထားပြီး ဖြစ်သလို အခု အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ဥပဒေကိုလည်း လွှတ်တော်ထဲမှာ တင်ပြဖို့ကြိုးစားနေတာပါ။

မကြာခင်မှာ အခြားဥပဒေ သုံးခု ဖြစ်တဲ့ စာကြည့်တိုက်ဥပဒေ၊ ရုပ်သံလွှင့်ဥပဒေနဲ့ ရုပ်ရှင်လုပ်ငန်း ဥပဒေတွေကိုလည်း ပြန်ကြားရေး က ရေးဆွဲဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG