ပြည်ခိုင်ဖြိုးပါတီရဲ့ အကြီးအကဲတဦးဖြစ်တဲ့ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းဟာ နေပြည်တော်က နေအိမ်မှာ ရုတ်တရက် သတိမေ့မျောပြီး စင်္ကာပူနိုင်ငံက ဆေးရုံကြီးတခုမှာ အရေးပေါ်ကုသမှု ခံယူနေရတယ် ဆိုတဲ့သတင်းကို -မြန်မာပြည်သူ တွေကြား ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်နေပါတယ်။ အရင် စစ်အစိုးရလက်ထက်က ဦးအောင်အောင်း ရဲ့လုပ်ဆောင်ချက်တွေပေါ်မှာ တုန့်ပြန် ပြောဆိုမှုတွေလဲ ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
ဗုဒ္ဓဟူးနေ့ညက နေပြည်တော် နေအိမ်မှာ ရုတ်တရက် သတိလစ်မေ့မျော သွားတဲ့ ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲ ဦးအောင်သောင်းကို ဇူလိုင်(၉) ရက် မနေ့မနက်ပိုင်းက စင်္ကာပူနိုင်ငံက ဆေးရုံကြီးမှာ အရေးပေါ်ကုသနေတာပါ။ သူ့ကျန်းမာရေးနောက်ဆုံး အခြေအနေ အတိအကျကိုတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ ဦးအောင်သောင်း အခုလို သေရေးရှင်ရေးဖြစ်နေ ချိန်မှာ မြန်မာပြည်သူတွေကြား အမျိုးမျိုးဝေဖန်နေကြပါတယ်။
ဦးအောင်သောင်းရဲ့ကျန်းမာရေးသတင်းကို လူတွေစိတ်ဝင်စားကြတာဟာ အရင် စစ်အစိုးရလက်ထက် သူ့လုပ်ဆောင်ချက်တွေပေါ် မူတည် တယ် လို့ မြန်မာ ဂျာနယ်လစ်ကွန်ယက်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က မှတ်ချက်ပေး ပါတယ်။
"သူက လက်ရှိ ပါတီရဲ့ သြဇာရှိတဲ့သူ၊ အဖျက်အမှောင့်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေက သူနဲ့ပတ်သက်တယ်လို့ လူတွေက ယုံကြည်ကြတယ်။ ဒါကြောင့် သူ့ရဲ့ကျန်းမာရေးကို လူတွေက စိတ်ဝင်စားတာလို့ ကျနော်ထင်တယ်။ ဥပမာအားဖြင့် လူမျိုးရေး အဓိကရုဏ်း ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်ပျက်တဲ့ကိစ္စမှာ သူနဲ့ဆက်စပ်မှုရှိတယ်လို့ လူတွေက ယုံကြည်တယ်။ သံသယရှိတယ်ပေါ့နော်။ အထောက်အထားတော့ ခိုင်ခိုင်မာမာ မပြနိုင်ပေမဲ့ သံသယရှိတယ်။ ဒီပဲရင်းကိစ္စမှာ သူပါဝင်ပတ်သက်တယ်လို့ အဲ့သလို သံသယတွေရှိတယ်။ ဆိုတော့ အဲ့ဒီ့အချက်အလက်တွေက နောက်လာမယ့် နိုင်ငံရေးမှာလည်း သူရှိနေရင် ဒါမျိးတွေကို စိုးရိမ်မှုတွေက ရှိနေတာပေါ့။ ဒါကြောင့် စိတ်ဝင်စားတယ်လို့ ကျနော်ထင်ပါတယ်။ လူတယောက်အနေနဲ့ ပြောရင်တော့ ချစ်ခြင်း မုန်းခြင်း ဘာမှမရှိဘူး။ သို့ပေမဲ့ သူ မရှိတော့ရင် အဲ့လို အကြောင်းအရာမျိုးတွေ မလုပ်နိုင်တော့ဘူးပေါ့နော်။ အဲ့တာမှ မြန်မာနိုင်ငံရေးမှာ အကျိုးသက်ရောက်မှု တစုံတရာ ရှိလိမ့်မယ်လို့ လူတွေက ယူဆတယ်ပေါ့နော် "
မန္တလေးမြို့ခံတဦးဖြစ်သူ ကိုနိုင်ကလည်း ဦးအောင်သောင်းရဲ့သေရေး ရှင်ရေး သတင်းကို လူတွေ စိတ်ဝင်စားနေတဲ့ကိစ္စပေါ်မှာ ခုလိုဝေဖန် ပြောဆိုပါတယ်။
"သူက ကျနာ်တို့ နဝတ လက်ထက်မှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ရဲ့ အယုံကြည်ရဆုံးလူ တယောက်လို့ အကုန်လုံးက သတ်မှတ်ခဲ့ကြတာကိုး အဲ့ဒီ့အပေါ်မှာ သူ့ရဲ့ လုပ်ရပ်တွေကို အားလုံးက စိတ်ဝင်စားခဲ့တယ်လေ။ တိုင်းပြည်အတွက် ဘယ်လောက် အလုပ်လုပ်ခဲ့လဲ။ သူ့အတွက် ဘယ်လောက် လုပ်ခဲ့လဲဆိုတာ အားလုံးက ပိုပြီးတော့ စိတ်ဝင်စားကြတယ်လေ။ အဓိက ကတော့ သူ့ရဲ့လုပ်ရပ်ကို စိတ်ဝင်စားတဲ့အတွက် သူ့ရဲ့ဖြစ်ရပ်အပေါ်မှာလည်း လူတွေက ပိုပြီးတော့ စိတ်ဝင်စားတယ်လို့ ကျနော်တော့ အဲ့လိုလေးတော့ ထင်ပါတယ်။ အဲ့ သူ့ရဲ့လုပ်ဆောင်ချက်က ကောင်းတယ်လို့တော့ ပြောလို့မရဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့ကတော့ ချစ်တာမုန်းတာထက် သူ့ရဲ့သမိုင်းကြောင်းက ဘယ်လိုလဲ။ သူလာခဲ့တဲ့ လမ်းကြောင်းက ဘယ်လိုလဲ ကိုယ်နေထိုင်ခဲ့တဲ့ ဘဝတခုကြီးက ဘယ်လောက်တန်ဖိုးရှိလဲ။ တန်ဖိုးမရှိဘူးလား။ ကိုယ် ဘယ်လိုတွေ လု်ပခဲ့လဲဆိုတဲ့အပေါ်မှာတော့ မူတည်တာပေါ့ဗျာ။ "
ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် ဒေါ်နန်းနီနီအောင်ကတော့ ဦးအောင်သောင်း သတင်းပေါ်မှာ ဘယ်လိုစိတ်ခံစားမှုမျိုးမှ မဖြစ်မိဘူးလို့ ပြောပါတယ်။
" သူတို့ဟာသူတို့ ဘာဖြစ်ဖြစ် စိတ်မဝင်စားဘူး။ ကိုယ့်ကို ထမင်းမှ မကျွေးတာ ။ သူတို့နဲ့ပတ်သက်ပြီးတော့ ဘာဖီလင်မှ မရှိဘူး။ သူ့ကံအကြောင်းတရားပဲ။ သူ့ဟာသူ နိုင်ငံတော်ကို ကောင်းတာလုပ်ခဲ့တာပဲဖြစ်ဖြစ် ဆိုးတာ လုပ်ခဲ့တာဖြစ်ဖြစ် သူ့ကံအကြောင်းတရားနဲ့သူပဲ။ အန်တီက ဘာသာရေးပဲ လိုက်တယ် ပြောရင်လည်း ပြောပေါ့နော်။ သူ့အကြောင်းတရားနဲ့သူ ဖြစ်လာတဲ့ ကိစ္စမှာ ကိုယ်က မကောင်းတာဖြစ်ပါစေလို့ ပြောစရာအကြောင်း မရှိသလို ကောင်းတာဖြစ်ပါစေလို့လဲ ပြောစရာအကြောင်း မရှိဘူး။"
တပ်မတော်သားဟောင်းတဦးကတော့ ဦးအောင်သောင်းကို ဆေးရုံပေါ်မှာပဲ ဆက်ရှိစေချင်တယ်လို့ ဆိုပါတယ်။
" အခု မကျန်းမမာ ဖြစ်နေတဲ့ကိစ္စဟာ အဲ့အတိုင်းနေတာပဲ ကောင်းတယ် ၊ အလုပ်လုပ်နေရင် ပြည်သူလူထုက ကြိုက်မှ မကြိုက်ဘဲ။ အခုလုပ်နေလဲ အလကားပဲ ဥစ္စာကို။ (ရယ်လျက်) ဒီအတိုင်းပဲ ကောင်းပါတယ်။ အဲ့ မကျန်းမာနေရင် ကျန်းမာရေးမကောင်းပဲ နေတာပဲ ကောင်းတယ်။ "
၂၀၀၃ခုနှစ် ဒီပဲရင်းလုပ်ကြံတိုက်ခိုက်မှုမှာ နောက်ကွယ်က စီစဉ်သူအဖြစ် ဦးအောင်သောင်းပေါ် လူတွေက သံသယရှိပေမယ့် ဦးအောင်သောင်းကတော့ ဒီကိစ္စမှာ သူ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ပြည်တွင်းထုတ် သတင်းဂျာနယ်တခုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။