ဟာရီကိန်းမုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရတဲ့ အမေရိကန်ပိုင် Puerto Rico ကျွန်းကနေ ကုန်တင်ပို့မှုတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေတရပ်ကို သမ္မတ Donald Trump က ဖယ်ရှားပေးလိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
Puerto Rico အုပ်ချုပ်ရေးမှူး Ricardo Rossello ရဲ့ ပန်ကြားချက်အရ Jones Act ဥပဒေကို သမ္မတအမိန့်နဲ့ ဖယ်ရှားလိုက်ပြီး၊ သမ္မတအမိန့် ထုတ်ပြန်ချက် ချက်ခြင်းအတည်ဖြစ်ကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က Twitter လူမှုကွန်ယက်မှာ ပြောဆိုလိုက်တာပါ။
ဥပဒေကို ယာယီဖယ်ရှားပေးဖို့ သမ္မတအိမ်ဖြူတော်ကို Puerto Rico အုပ်ချုပ်ရေးမှူးက ဗုဒ္ဓဟူးနေ့ညမှာပဲ Twitter ကတဆင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ကျွန်းကို တနင်္လာနေ့က သွားရောက်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio အပါအဝင် အမေရိကန်အမတ် တော်တော်များများကလည်း Puerto Rico အုပ်ချုပ်ရေးမှူးလိုပဲ တိုက်တွန်းထားကြတာပါ။
ဖယ်ရှားလိုက်တဲ့ Jones Act ဥပဒေအရ၊ အမေရိကန် ပြည်ထောင်စုက ဆိပ်ကမ်းတခုကနေ တခုကို သွားလာရာမှာ အမေရိကန်သင်္ဘောတွေကိုသာ ခွင့်ပြုထားပါတယ်။ ဥပဒေကြောင့် Puerto Rico ကျွန်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ မုန်တိုင်းဒဏ်သင့်သူတွေ အရေးတကြီး လိုအပ်နေတဲ့ အကူအညီ အထောက်အပံ့တွေ ပေးပို့ရေး အဟန့်အတား ဖြစ်နေတယ်လို့လည်း ဝေဖန်ခံနေရတာပါ။
အမေရိကန် အမိမြေ လုံခြုံရေးဌာနကတော့ ဥပဒေကို ဖယ်ရှားပေးလိုက်ပေမဲ့ Puerto Rico ကျွန်းက ဆိပ်ကမ်းတွေ ထိခိုက်ပျက်စီးနေတဲ့အတွက် သင်္ဘောတွေ ကပ်လို့မရတာကြောင့် အကူအညီပေးရေး အစီအစဉ်တွေကို အထောက်အကူ မဖြစ်နိုင်ဘူးလို့ မနေ့တုန်းကပဲ ပြောဆိုထားပါတယ်။ ဟာရီကိန်းမုန်တိုင်း Maria ကြောင့် လူပေါင်း ၃ သန်း ၄ သိန်းရှိတဲ့ Puerto Rico ကျွန်းမှာ လျှပ်စစ်မီးတွေ အကြီးအကျယ် ပြတ်တောက်နေပြီး၊ ပုံမှန်ပြန်ဖြစ်ဖို့ လနဲ့ချီကြာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ခန့်မှန်းထားကြပါတယ်။