သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတဦး ပူလစ်ဇာဆု ပူးတွဲရမှု ဝါရင့်သတင်းထောက်များ ကြိုဆို


၂၀၁၆ အတွက် ပူလစ်ဇာဆုရှင်များ Esther Htusan, Margie Mason, Robin McDowell နဲ့ Martha Mendoza
၂၀၁၆ အတွက် ပူလစ်ဇာဆုရှင်များ Esther Htusan, Margie Mason, Robin McDowell နဲ့ Martha Mendoza

မြန်မာနိုင်ငံက ကချင်တိုင်းရင်းသားသတင်းထောက် Ester Htusan ဟာ အခု နှစ်ပူလစ်ဇာဆုရဲ့ အများပြည်သူအကျိုးဆောင်ဆုအဖြစ် အခြား AP သတင်းထောက် သုံးဦးနဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဝါရှင့်သတင်းထောက်တွေကတော့ မြန်မာနိုင်ငံသားတဦး အခုလို ပူလစ်ဇာဆုရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြပြီး၊ အခု အစိုးရသစ်လက်ထက်မှာ နိုင်ငံတွင်း လူငယ်သတင်းသမားတွေအနေနဲ့ အခုလို စုံစမ်းဖော်ထုတ်ရေးသားတဲ့သတင်းမျိုးတွေ ပိုပြီး ရေးလာနိုင်ကြမယ်လို့ မျှော်လင့်နေကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုံစမ်းမေးမြန်းထားတာပါ။

၂၀၁၆ ခုနှစ်အတွက် နိုင်ငံတကာ သတင်းပညာထူးချွန်ဆု ချီးမြှင့်ရာမှာ အများပြည်သူ အကျိုးဆောင်တဲ့ကဏ္ဍအတွက် ကချင်တိုင်းရင်းသူ သတင်းထောက် Esther Htusan က Pulitzer ပူးတွဲဆုရရှိခဲ့တာဖြစ်ပါတယ်။

သူနဲ့ အခြား အေပီသတင်းထောက်သုံးဦးဟာ မြန်မာအလုပ်သမားတွေ အများစုပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံ တချို့ရဲ့ ငါးဖမ်းလုပ်သားတွေ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွင်း ပင်လယ်စာလုပ်ငန်းတွေမှာ ကျေးကျွန်တွေလိုခိုင်းစေခံရတဲ့ အခြေအနေတွေကို စုံစမ်း ဖော်ထုတ်ရေးသားခဲ့တာပါ။ ကချင်တိုင်းရင်းသူ Esther Htusan ဟာ AP သတင်းဌာနအတွက် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတဦး အခုလို Pulitzer ဆုရတဲ့အတွက် ဂုဏ်ယူမိကြောင်း ရန်ကုန်အခြေစိုက် AP သတင်းဌာနမှာ လုပ်ခဲ့တဲ့ ဝါရင့်မြန်မာသတင်းထောက်ဟောင်း ဒေါ်အေးအေး ဝင်းက ပြောပါတယ်။

“အင်မတန်ဝမ်းသာပါတယ်။ ပူလစ်ဇာဆုဆိုတာ သတင်းလောကမှာလည်း အမြင့်ဆုံးဆုလို့ လက်ခံထားတယ်။ အဲဒီအတွက်ကြောင့် အဲဒီလို ခက်ခက်ခဲခဲနဲ့ သတင်းလိုက်ပြီးတော့ ဆုရသွားတာလည်း အင်မတန်ထိုက်ထိုက်တန်တန် ရခဲ့တဲ့ဆုလေ။ အဲဒီအထဲမှာမှ ကိုယ့်မြန်မာအမျိုးသမီးလေးတယောက် သတင်းထောက်လေးတယောက် ရသွားတယ်ဆိုတော့ ပိုပြီးတော့တောင် ဂုဏ်ယူပါတယ်။ ဒါအမျိုးသမီးတွေ မခေဘူးဆိုတာ တခါပြီးတခါ သက်သေပြနေသလိုပဲပေါ့နော်။”

Esther Htusan ဟာ Pulitzer ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်တယ်လို့ Reuters သတင်းထောက်တဦးဖြစ်တဲ့ ဦးအောင်လှထွန်းက ပြောပါတယ်။

“ကျနော်သိပ်ဂုဏ်ယူပါတယ်။ အရမ်းဂုဏ်ယူပါတယ်ခင်ဗျ။ တော်တော်ထိုက်တန်ပါတယ်။ အဲဒီ Story ကိုလည်း ကျနော် ဖတ်လိုက်ရပါတယ်။ အင်မတန်ကို ထိုက်တန်တဲ့ story ပါ။ ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာမီဒီယာတွေမှာတော့ ရေးစရာလည်းအများကြီးရှိပါတယ်။ အဲဒီအကြောင်းအရာတွေထဲက အင်မတန်ကို အရေးကြီးတဲ့အကြောင်းအရာတခုပါပဲ။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါ။”

သတင်းလောကမှာ မြန်မာနိုင်ငံသားတဦး Pulitzer ဆုရတာ ဒါဟာ ပထမဦးဆုံးပဲဖြစ်ပါတယ်။ Ester Htusan အခု ဆုရခဲ့တဲ့သတင်းလိုပဲ အခြားမြန်မာနိုင်ငံတွင်း အများပြည်သူအကျိုးစီးပွားနဲ့ဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးသားစရာတွေ အများအပြားရှိတယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ် ။

“ကျနော်ကတော့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ဟာကိုပဲ ၊ ပြည်သူတွေရဲ့ နစ်နာချက်နဲ့ ပတ်သက်တဲ့ဟာကိုပဲ အဓိက ဖော်ထုတ်ဦးစားပေးစေချင်ပါတယ်။ အများပြည်သူရဲ့ အကျိုးစီးပွားနစ်နာတာနဲ့ ပတ်သက်ရင်တော့ Project တွေက miss management တွေက အများကြီးပဲ ၊ quality control လုံးဝမရှိဘူး။ တံတားတွေကို reinforced concrete ကို ဝါးနဲ့ လုပ်တယ်တဲ့ အများကြီး အဲဒါတွေကတော့ ဖော်ထုတ်လို့ကောင်းပါပြီ ကျနော်တို့။ အများပြည်သူလုံခြုံဖို့အတွက်ကိုပေါ့လေ။ ငလျင်သာလှုပ်လိုက်ရင်တော့ အားလုံးသေပြီ ၊ တံတားတွေရှိတယ်၊ dam တွေရှိတယ်။ စံမမှီတဲ့ဟာတွေပေါ့လေ။ အဲဒါတွေကို ဖော်ထုတ်ဖို့အတွက်ကို အများကြီးပါပဲ။”

အခုလို Pulitzer ဆုရခဲ့တဲ့အတွက်ကြောင့် အင်ဒိုနီးရှားမှာ ကျေးကျွန်သဖွယ် ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာရေလုပ်သားတွေ ပြန်လည်လွတ်မြောက်လာပြီး မိသားစုနဲ့ ပြန်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ Esther Htusan အပါအဝင် ရေးသားခဲ့တဲ့ AP သတင်းဆောင်းပါးဟာ နောက်ဆက်တွဲအကျိုးဆက်ကောင်းတွေရှိတယ်လို့ AP သတင်းထောက် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

“တော်တော်လေးရိုက်ခက်မှုကြီးပါတယ်။ မိသားစုတွေပြည်လည်ပေါင်းစည်းနိုင်တာ သူတို့ ကျွန်ဘဝကနေပြီးတော့ လွတ်မြောက်လာတာ။ အဲဒီမိသားစုတွေအပေါ်မှာ တော်တော်လေးရိုက်ခတ်မူရှိတယ်။ နောက်မြန်မာပြည်ဘက်ကဆိုရင်လည်း လူကုန်ကူးမှုအဖွဲ့ကလည်း ဒီအပေါ်မှာ တော်တော်တက်တက်ကြွကြွ နိုးနိုးကြားကြား ပိုဖြစ်သွားတာပေါ့။ သူတို့လည်း ဒီအလုပ်ကို နဂိုကတည်းက လုပ်နေတာပေါ့နော်။ အဲတော့ သူတို့ကလည်း ပူးပေါင်းပြီးတော့ တော်တော်တက်တက်ကြွကြွပါတော့ မြန်မြန်လည်းပြန်ရောက်လာတာပေါ့နော်။ ဒါပေမယ့် တကယ်တမ်း ထူးထူးခြားခြားလှုပ်ခတ်မှုကတော့ ဒီမတရားလုပ်ပြီးတော့ ရလာတဲ့ ပင်လယ်ငါး၊ အစားအစာတွေ စားသုံးနေတဲ့ စားသုံးသူ အထူးသဖြင့် west က အနောက်နိုင်ငံသား စားသုံးသူတွေကို သူုတို့စားပွဲပေါ်မှာရောက်နေတဲ့အစားအစာတွေက ဒီမြန်မာ အလုပ်သမားတွေတခါထဲ ခက်ခက်ခဲခဲနဲ့ ရှာဖွေပြီးတော့မှ သူတို့ စားပွဲပေါ်ရောက်လာတယ်ဆိုတာ သူတို့အနေနဲ့လည်း တာဝန်သိတဲ့ စားသုံးသူဖြစ်အောင် လမ်းညွန်ပေးနိုင်အောင်ဖြစ်သွားတာပေါ့နော်။

အရင်စစ်အစိုးရလက်ထက်တုန်းက မြန်မာပြည်တွင်းမှာ Investigative Report တွေကို ရေးသားဖို့ဆိုတာ အန္တရာယ်များလွန်းပေမယ့် အရပ်သားအစိုးရ အပြောင်းအလဲဖြစ်လာတဲ့ ဒီနေ့လို ကာလမှာ လူငယ်သတင်းသမားတွေက ပိုပြီး စုံစမ်းဖော်ထုတ်ရေးသားတာတွေ လုပ်လာ နိုင်ကြတယ်လို့ AP သတင်းထောက် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

နိုင်ငံတကာက သတင်းပညာထူးချွန်ဆု Pulitzer ဆုကို သတင်းစာထုတ်ဝေသူ Joseph Pulitzer က ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာ ဖြစ်ပြီး အေပီသတင်းဌာနအနေနဲ့ ၅၂ ကြိမ်မြောက် ပူလစ်ဇာဆုရရှိတာဖြစ်ပါတယ်။

XS
SM
MD
LG