သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူတာအို ဆန်ပြတ်


ဆန်ပြတ်နေတဲ့ပူတာအိုမှာ ပြည်ခိုင်ဖြိုးပါတီက ဈေးမှန်နဲ့ ရောင်းချပေးရာ ဆန်ဝယ်သူများ စောင့်ဆိုင်းနေစဉ်။ (ဓာတ်ပုံ AKSYU/ ၀၈၊ ၀၂၊ ၂၀၁၂။)
ဆန်ပြတ်နေတဲ့ပူတာအိုမှာ ပြည်ခိုင်ဖြိုးပါတီက ဈေးမှန်နဲ့ ရောင်းချပေးရာ ဆန်ဝယ်သူများ စောင့်ဆိုင်းနေစဉ်။ (ဓာတ်ပုံ AKSYU/ ၀၈၊ ၀၂၊ ၂၀၁၂။)
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှာ ဆန်စပါးပြတ်လပ်နေတာကြောင့် ဆန်တပြည်ကို ကျပ် ၄၀၀၀ နဲ့တောင် ဝယ်ယူဖို့ မရှိ ဖြစ်နေပါတယ်။ ဒီလို ဆန်ပြတ်လပ်တာဟာ တလကျော်ရှိလာနေပြီး ပြီးခဲ့တဲ့ အပတ်တွေက အစိုးရက ဆန်ကို လေယာဉ်နဲ့ တင်ပို့ပေးနေပေမဲ့လည်း ဒေသခံတွေအတွက် ဝယ်ယူဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆန်ပြတ်လပ်မှုကြောင့် အချို့ ဒေသခံတွေဟာ ဆန်ပြုတ်သောက်နေကြရ သလို သက်ကြီးရွယ်အို တချို့ အသက်ဆုံးရတာတွေလည်း ရှိနေတယ် လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပူတာအိုမြို့နယ်အတွင်း ဆန်ပြတ်လပ်တာဟာ ပြီးခဲ့တဲ့နှစ်က စပါးအထွက် နည်းတာနဲ့ ဒီနှစ် မိုးတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာကြောင့် အဓိက ဖြစ်ပါတယ်။ ဒီဆန်ပြတ်လပ်တာဟာ လွန်ခဲ့တဲ့ ဇွန်လ လောက်က စတင်ခဲ့ပြီး အခြေအနေပိုဆိုးလာတာ ဖြစ်ပါတယ်။

လောလောဆယ် ပူတာအိုမှာ ဆန်ပြတ်လပ်တာကြောင့် ဆန်ဈေး နှစ်ဆလောက် တက်သွားတဲ့ အခြေအနေကို မြို့ခံတယောက် အခုလို ပြောပါတယ်။

“ဒီနှစ်ကတော့ ဈေးကြီးတာပေါ့ဗျာ။ ၂ ခွက် တထောင်နှုန်းနဲ့ အခုချိန်ကတော့ ဝယ်ကြတယ်။ နှစ်ခွက် ဆိုတာ နို့ဆီခွက်ပေါ့။ နို့ဆီခွက် ၂ ခွက်ကို တထောင်။ အရင်တုန်းကတော့ ၄ ခွက် တထောင်။ ၅ ခွက် တထောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီလအတွင်းမှာတော့ ၂ ထောင်ဖိုးက ၅ ခွက်ပဲ ရတယ်။”

မြန်မာပြည်က အခြားဒေသတွေမှာတော့ သာမန် အလတ်စား ဆန်တပြည်ဟာ ကျပ်ငွေ တထောင် ဝန်းကျင် လောက်ပဲ ရှိတာဖြစ်ပါတယ်။

ပူတာအိုမြို့နယ်မှာ ဆန်စပါးပြတ်လပ်နေတာကြောင့် ပြီးခဲ့တဲ့လ ၂၃ ရက်နေ့က စပြီး အစိုးရ စစ်တပ် က ဒေသခံ ပြည်သူတွေနဲ့ ဝန်ထမ်းတွေအတွက် ဆန်အိတ် ၇၀၀ ကျော် စားသုံးဆီ ၄ ပေပါနဲ့ အခြား ထောက်ပံ့ရေး ပစည်း တွေကို ပို့ဆောင်ခဲ့ကြောင်း၊ ဒီလို ဆန်ပြတ်လပ်တာဟာ ကချင် လွတ်လပ်ရေး တပ်မတော် KIA က ဖုန်အင်ခ တံတားကို မိုင်းခွဲဖျက်ဆီးလို့ ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်ခဲ့တာကြောင့် ဖြစ်ကြောင်း နိုင်င်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါ တယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ဒေသခံ ပြည်သူတွေကို ဆန်ဖြန့်ေ၀ ပေးနေတယ်လို့ မြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။

“ဒီမှာ ဆန်ဈေးတော့ အရမ်းBကီးတယ်။ ဝယ်လို့တောင် မရဘူး။ အခုလောလောဆယ်က ကြံ့ခိုင်ရေးတွေ က ၄ ခွက်ကို ၅၀၀ နဲ့ ရောင်းပေးနေတာ ၂ ရက်လောက်ရှိပြီ၊ ဝယ်လို့တောင် မရဘူး။”

ဒီလို ဆန်ပြတ်လပ်နေတာကြောင့် တချို့ ကျေးရွာတွေမှာ ဆန်ပြုတ်သောက်နေကြရသလို တချို့ သက်ကြီးရွယ်အိုတွေ သေဆုံးတာလည်း ရှိနေတယ်လို့ အခြား ဒေသခံတယောက်က ပြောပါတယ်။

“ပြည်သူတွေကတော့ ဆန် တခွက်၊ နှစ်ခွက်လေး ရတဲ့ဟာလေးနဲ့ အသီးအနှံတွေပေါ့။ ဟင်းသီး ဟင်းရွက်တွေနဲ့ ဆန်ပြုတ်စားတာရှိတယ်။ တချို့ နေရာတွေမှာဆိုရင် အဲလို စားဖို့ မရှိတာနဲ့ အသက်ကြီးတဲ့ အဖိုးကြီးတွေ၊ အဖွားကြီးတွေ ကျန်းမာရေးထိခိုက်ပြီးတော့ အသက်ဆုံးသွားတဲ့ လူတွေလည်း ရှိတယ်။ ကျေးရွာတွေမှာ ပေါ့နော။ တချို့ နေရာမှာဆိုရင် စားဖို့သောက်ဖို့ မရှိတာနဲ့ အရမ်းကို ခက်ခဲလို့ ရှိတဲ့နွားလေးတွေ၊ လယ်ယာတွေ ရောင်းပြီးမှ မှော်ထဲ တခါတည်း မိသားစုလုံး ပြောင်းသွားတဲ့ သူတွေ အများကြီးပါပဲ။”

ကျေးရွာတချို့မှာ သက်ကြီးရွယ်အိုတွေ သေဆုံးရတာ၊ မိသားစုလိုက ်တခြားဒေသကို ပြောင်းရွှေ့ သွားတာနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ ပူတာအို အုပ်ချုပ်ရေးရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ် မရခဲ့ပါဘူး။

ပူတာအိုမြို့မှာ ဆန်ပြတ်လပ်ပြီး ဈေးတက်နေသလို အခြား အခြေခံ စားသုံးကုန်ပစည်းတွေဖြစ်တဲ့ ဆီ၊ ဆား၊ ကြက်သွန် စတာတွေလည်း ဈေးတက်နေပါတယ်။
XS
SM
MD
LG