သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူတာအို လမ်းပြတ်တောက်မှု စားရေရိက္ခာ အခက်တွေ့


ဆွမ်ပရာဘွမ် အနီးပတ်ဝန်းကျင် ကျေးရွာများမှ စစ်ဘေးရှောင်တိမ်းနေရတဲ့ ဒေသခံများ။ (ဓာတ်ပုံ- Kachin News)
ဆွမ်ပရာဘွမ် အနီးပတ်ဝန်းကျင် ကျေးရွာများမှ စစ်ဘေးရှောင်တိမ်းနေရတဲ့ ဒေသခံများ။ (ဓာတ်ပုံ- Kachin News)

ကချင်ပြည်နယ် ပူတာအိုခရိုင်ဆွမ်ပရာဘွမ်ဘက်မှာဆိုရင် မိုးရေတိုက်စားမှုကြောင့် မြစ်ကြီးနားမြို့နဲ့ ဆက်သွယ်ထားတဲ့ မော်တော်ကားလမ်းပြတ်တောက်သွားတဲ့အတွက် ဒေသခံတွေအပါအဝင် စစ်ပြေး ဒုက္ခသည်တွေအနေနဲ့ သွားလာရေးနဲ့ စားနပ်ရိက္ခာအရေးကိစ္စတွေမှာ အခက်ခဲကြုံတွေ့နေရပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ ကေအိုင်အိုတို့အကြား ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ဆွမ်ပရာဘွမ် တောတွင်းဘက်မှာ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်ရွာသားတွေအနေနဲ့ လမ်းကြောင်း ပိတ်သွားတဲ့အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေဖြစ်ပွါးနိုင်မယ်လို့လည်း ဒေသတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တာဝန်ရှိသူတွေကပြောပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မိုးသည်းထန်ရွာ ရေတိုက်စားခဲ့လို့ ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်ဘက်မှာ မြစ်ကြီးနားမြို့နဲ့ ဆက်သွယ်ထားတဲ့ မော်တော်ကားလမ်းပျက်စီးသွားမှုကြောင့် ဒေသခ့တွေအပါအဝင် ဝန်ထမ်းတွေအနေနဲ့ သွားလာရေးမှာ အခက် တွေ့နေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးလမာယော်က ပြောပါတယ်။

“မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းခရီးမှာကျတော့ မိုးကြီးလို့ ကားတစီးပျက်သွားတယ်။ ဆွမ်ပရာဘွမ် လမ်းကြော ကားလမ်းက သွားလို့မရဘူး။ အဲဒီမှာ ဆွမ်ပရာဘွမ်ကတော့ ဘယ်လောက်အောင်းထားနိုင်မလဲ၊ ပြည်သူတွေ၊ အစိုးရတွေ ဘယ်လောက်အောင်းထားနိုင်သလဲတော့ မသိဘူး။ အဲလိုဆက်လက်ပြီးမှ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနေမယ်ဆိုရင်တော့ ကြာလာရင်တော့ ဒုက္ခရောက်လာနိုင်တယ်။ ပူတာအိုမှာရှိတဲ့ဝန်ထမ်းတွေက ပူတာအိုမှာ၊ ဆွမ်ပရာဘွမ်မှာရှိတဲ့ဝန်ထမ်းတွေက ဆွမ်ပရာဘွမ်မှာ အခုဟာက သောင်တင်နေရုံရှိတာ။”

ကချင်ပြည်နယ်ဘက်မှာ ရေကြီးရေလျှံမှုဖြစ်ပွါးတာမရှိပေမဲ့ ရေတိုက်စားလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တာပါ။

အထူးသဖြင့် ပူတာအိုနဲ့ ဆွမ်ပရာဘွမ် တောတွင်းဘက်မှာပိတ်မိနေတဲ့ မလိယန်ကျေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာသား ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် စိုးရိမ်နေရတယ်လို့လည်း ဦးလမာယော်က ပြောပါတယ်။

အခုလိုမိုးတွင်းကာလမှာ ကုန်းလမ်းရောရေလမ်းပါ သွားလာရေးအခက်တွေ့နေတဒေသဖြစ်တဲ့ဲ့ ပူတာအို ခရိုင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကြုံတွေ့နေရတဲ့ ရိက္ခာအခက်အခဲပြဿနာတွေကို ကူညီဖြေရှင်းနိုင်ဖို့ နည်းလမ်း ရှာဖွေသွားမယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်က အခုလို ပြောပါတယ်။

“အဲဒီဘက်က သွားရေးလာရေးခက်နေတယ်။ တချို့တံတားလေးတွေလည်း ခက်နေတယ်။ နောက်ပြီး ဧရာဝတီမြစ် ရေလမ်းကြောင်းကလည်း သွားဖို့လာဖို့ ခက်နေတယ်။ …ဆိုတော့ အဲဒီဘက်က နေရပ်စွန့်ခွာ ပြည်သူတွေက စားဖို့သောက်ဖို့ ဆေးဝါးကအစ မိုးတွင်းမှာတော်တော်လေးခက်နေတယ်လို့ အဲဒါကြားတယ်။ အဲဒီဘက်က တော်တော်လေးခက်ခဲတယ်ဆိုတာကြားတော့ ကျနော်လည်း နည်းနည်းတော့ နည်းလမ်းရှာမလို့တော့ စဉ်းစားနေတယ်။”

မြန်မာအစိုးရစစ်တပ်နဲ့ ကေအိုင်အို ခေါ် ကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် တောတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေအနေနဲ့လည်း လမ်းကြောင်းပိတ်ဆို့နေမှုကြောင့် အခက်အခဲတွေ့နေတဲ့အခြေအနေကိုတော့ KBC ပြန်ကြားရေး တာဝန်ခံ ဦးလမာယော်က ပြောပါတယ်။

“သူတို့က အခုတောထဲထွက်ပြေးနေကြတယ်။ တောထဲမှာ အစိုးရတပ်မတော်က လေယာဉ်ပျံနဲ့ ဗုံးလာကြဲတယ်။ အမြောက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ရွာတွေအားလုံးကို လှမ်းလှမ်းပစ်တဲ့အခါကျတော့ ရွာသားတွေကကြောက်လို့ တောထဲမှာ ထွက်ပြေးပုန်းရှောင်နေကြတာ အယောက် ၁၂၁၉ ယောက် ရှိတယ်ဗျ။ လမ်းပန်းဆက်သွယ်ရေးမရှိဘူးဗျ။ အဲဒီဘက်မှာ။ စားနပ်ရိက္ခာ ဖြတ်တောက်ထားတယ်။ အစိုးရက အဲဒီဘက်ကို ပိတ်ဆို့ထားတယ်ဗျ။ ရေရှည်သူတို့အတွက် စိုးရိမ်စရာ တော်တော်ရှိပါတယ်-လို့။ အခုတောင်မှ စားနပ်ရိက္ခာ ပြတ်လပ်တဲ့အခက်အခဲတွေ ရှိပါတယ်။”

တိုက်ပွဲဖြစ်ပွားရာ ဆွမ်ဘရာဘွမ်မြို့နယ်အတွင်း စစ်ဘေးဒုက္ခသည်တွေအတွက် သွားရောက်ကူညီဖို့ ကိုတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ သွားခွင့်မပြုတဲ့အတွက် ကချင်နှစ်ခြင်းခရစ်အဖွဲ့ချုပ် (KBC) အနေနဲ့ ကူညီရေးအစီအစဉ်တွေကို ဆိုင်းငံ့ထားရတယ်လို့လည်းဦးလမာယော်က ပြောပါတယ်။

လက်ရှိ ဆွမ်ပရာဘွမ်စစ်ဘေးရှောင်တွေဟာ အစားအစာပြတ်လုဆဲအနေအထားမှာရှိနေပြီး အခုလို လမ်းပြတ်တောက်မှု၊ စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရင် မလိုလားအပ်တဲ့ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်ပွားလာနိုင်တယ်လို့လည်း ဦးလမာယော်ကပြောပါတယ်။

“ဆန်မရှိရင် ထမင်းငတ်မယ်၊ အာဟာရမရှိရင် ကိုယ်ခံအားလျော့ကျပြီးမှ ရောဂါပိုးမွှား အလုံးစုံဝင်လာမယ်။”

လက်ရှိမှာတော့ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘော တူညီချက်လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဘက်အဖွဲ့တွေကနေ (၉) ကြိမ်မြောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပေမဲ့ တိုင်းရင်းသားဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်ပွါးနေဆဲအခြေအနေမှာရှိနေပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အဆင့်မြင့်ညှိရေးကော်မီတိတို့အကြား ဆွေးနွေးညှိှနှိုင်း နေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပက်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးလမာယော်က အခုလိုသုံးသပ်ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေး အမှန်တကယ်လုပ်ချင်ရင်တော့ တိုက်စစ်မဆင်ပါဘူး၊ ထိုးစစ်မဆင်ပါဘူး။ တိုင်းရင်းသားတွေကို တဘက်က နည်းနည်းတိုက်တာမဟုတ်ဘူး၊ ဖိတိုက်ထားပြီးမှ ကြောက်ပြီလားဆိုမှ အဲလိုအခြေအနေမျိုးနဲ့ ကိုင်ပြီးမှ လက်မှတ်ထိုးတဲ့အခြေအနေကျတော့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။”

လက်ရှိမြန်မာနိုင်ငံအတွင်းမှာ တိုင်းနဲ့ပြည်နယ်အနှံ့ ရေကြီးရေလျှံမှုကြောင့် အတိဒုက္ခရောက်နေတဲ့ ရေဘေး ဒုက္ခသည်တွေကိုအကူညီပေးနေသလို စစ်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်အရေးကိစ္စတွေကို မေ့လျော့မထားဘဲ ဝိုင်းဝန်းအကူညီပေးဆောင်သွားဖို့ကိုလည်း ဦးလမာယော်က ပြောပါတယ်။

XS
SM
MD
LG