စက်မှုထိပ်သီး နိုင်ငံ ၂၀ G-20 လိုမျိုးအဖွဲ့တွေမှာထားရှိသင့်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို အမေရိကန် ပြည်ထောင်စုက ဆိုးဆိုးရွားရွား ချိုးဖောက်နေတယ် လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်ပါတယ်။ G-20 ထိပ်သီး အစည်းအဝေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ သြစတြေးလျနိုင်ငံမှာ စုဝေးရောက်နေကြချိန်မှာပဲ အခုလိုပြောလိုက်တာပါ။
အထူးသဖြင့်တော့ ယူကရိန်းနိုင်ငံနဲ့ ပါတ်သက်ပြီး ရုရှားရဲ့ စစ်ရေး လုပ်ဆောင်မှုတွေကြောင့် အမေရိကန်ဦးဆောင်ပြီး ဒဏ်ခတ် အရေးယူထားတဲ့အပေါ် မစ္စတာပူတင်က ထောက်ပြပြောဆိုတာဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာကျင်းပမယ့် ထိပ်သီးအစည်းအဝေးအတွင်း ဒဏ်ခတ် အရေးယူခံထားရတဲ့ကိစ္စကို မတင်ဘူးလို့ မစ္စတာပူတင်ကပြောပါတယ်။
G-20 အစည်းအဝေးတက်ဖို့ ဘရစ္စဘိန်းမြို့ဆီ သူ ရောက်မလာခင်လေးမှာတင် လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာပူတင်က အဲဒီလို ပြောတာပါ။
ယူကရိန်းအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ယူကရိန်းအရှေ့ပိုင်းဆီ တပ်ဖွဲ့တွေနဲ့ လက်နက်ကြီးတွေကို ပေးပို့တယ်ဆိုပြီးတော့ ယူကရိန်းအစိုးရနဲ့ မြောက်အတ္တလန် တိတ်စာချုပ် NATO အဖွဲ့တို့က ရုရှားနိုင်ငံကို ဒီသီတင်းပတ် အတွင်းမှာပဲ ဝေဖန်ပြောဆိုထား တာပါ။
ယူကရိန်းက လုံခြုံရေးအခြေအနေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အငြင်းအခုံ ဖြစ်တာတွေ ဆက်ရှိနေပေမယ့်လည်း လာမယ့် အစည်းအဝေးတွေအတွင်း စီးပွားရေးဆိုင်ရာကိစ္စတွေကိုပဲ G-20 အဖွဲ့ဝင်တွေ အာရုံစိုက်သင့်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် ကပြောပါတယ်။