သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ရုရှားနှောက်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက် ရုရှားသမ္မတ ပယ်ချ


 မော်စကိုမြို့တော်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ။
မော်စကိုမြို့တော်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ။

ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောက်ယှက်ခဲ့တယ်လို့ စွပ်စွဲနေတာတွေကို ရုရှားသမ္မတ Vladimir Putin က ဒီကနေ့ပဲ ပယ်ချလိုက်သလို၊ အမေရိကန်သမ္မတ Donald Trump ရဲ့ ပြိုင်ဘက်တွေက သမ္မတအဖြစ် တရားဝင်မှုကို ထိုးနှက်တိုက်ခိုက်ဖို့ စွပ်စွဲချက်သက်သက်သာ ဖြစ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်မယ်လို့ မျှော်လင့်ကြောင်းလည်း မော်စကိုမြို့တော်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ ရုရှားသမ္မတက ပြောဆိုခဲ့တာပါ။

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေကတော့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ကိုယ်စားလှယ်လောင်း Hillary Clinton ကို သမ္မတလောင်း Trump အနိုင်ယူနိုင်အောင် ကြားဝင်ကူညီတဲ့ လုပ်ရပ်တွေကို ရုရှားသမ္မတ ကိုယ်တိုင် ညွှန်ကြားခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။

လက်နက်ထိန်းချုပ်ရေး စာချုပ်တွေနဲ့ ပတ်သက်လို့ ရုရှားက ဆက်လက် လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပေမဲ့ အမေရိကန်က သဘောတူညီချက်တွေကနေ ထွက်မှာကို စိုးရိမ်ကြောင်းလည်း သမ္မတ Putin ကပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ အပြိုင်အဆိုင် လက်နက်တပ်ဆင်မှုတွေ မဖြစ်စေပဲ ရုရှားနိုင်ငံက စစ်အင်အားတောင့် တင်းအောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်လို့ အမေရိကန်က အင်အားသုံး ဖြေရှင်းတာဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံရနိုင်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်အပေါ် လက်မခံကြောင်း ပြောဆိုခဲ့ပေမဲ့လည်း၊ ဒီလိုလုပ်အောင် အမေရိကန်က စခဲ့တာလို့လည်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုရာမှာတော့ နိုင်ငံရေးအရ ပြိုင်ဆိုင်မှုရှိတဲ့ စနစ်တခုရှိဖို့ လိုအပ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ရုရှားသမ္မတက ပြောဆိုခဲ့သလို၊ ရှေ့နှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ ညီညွတ်တဲ့ရုရှားပါတီကနေ ယှဉ်ပြိုင်မယ့်အစား တသီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

သမ္မတ Putin ဟာ ဝန်ကြီးချုပ် အဖြစ်နဲ့ရော သမ္မတ အဖြစ်နဲ့ပါ ရုရှားနိုင်ငံ အကြီးအကဲအဖြစ် ၁၉၉၉ ခုနှစ်ကတည်းက တာဝန်ယူလာခဲ့တာဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်အထိ တာဝန်ယူနိုင်ဖို့ ရှေ့နှစ်ရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံမယ့် အစီအစဉ်ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG