သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Putin အနိုင်ရရှိမှု ရွေးကောက်ပွဲအကဲခတ် ဝေဖန်

မနေ့က တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရုရှား သမ္မတ ရွေးကောက်ပွဲဟာ ဝန်ကြီးချုပ် Vladimir Putin အပြတ်အသတ် အနိုင်ရအောင် အသာပေးဖို့ ကျင်းပခဲ့တယ် ဆိုတာ ရှင်းပါတယ်လို့ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ အကဲခတ် လေ့လာရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ OSCE ခေါ် ဥရောပ လုံခြုံရေနဲ့ ပူပေါင်းဆောင်ရွက်ရေး အဖွဲ့က တကယ့် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ အစိုးရပိုင် အရင်းအမြစ်တွေကို အလွဲသုံးစား လုပ်ပြီး မစ္စတာပူတင် အနိုင်ရအောင် ကြိုတင်ပြင်ဆင် ခဲ့တယ်ဆိုတာကို သံသယဖြစ်စရာ မလိုဘူးလို့ OSCE ရဲ့ ကြေညာချက်မှာ ဖော်ပြလိုက်တာပါ။

Vladimir Putin သမ္မတအဖြစ် ပြန်အရွေးခံရတာကို ကန့်ကွက်တဲ့အနေနဲ့ ရုရှားအတိုက်အခံတွေက ကရင်မလင် (Kremlin) ရင်ပြင်အနီးမှာ ဆန္ဒပြကြဖို့ စီစဉ်နေကြပါပြီ။

မဲအားလုံးနီးပါး ရေတွက်ပြီးတဲ့နောက် တနင်္ဂနွေနေ့က သမ္မတရွေးကောက်ပွဲမှာ မစ္စတာပူတင် ဟာ မဲအရေအတွက် ၆၄% ရရှိခဲ့တာကြောင့် အနိုင်ရရှိသွားတယ်လို့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။ သူ့ရဲ့ အနီးကပ်ဆုံးပြိုင်ဘက် ကွန်မြူနစ်ပါတီ အကြီးအကဲ Gennady Zyuganov က ၁၇% နဲ့ နောက် သမ္မတလောင်း ၃ ဦးကတော့ ၁၀% အောက်မှာပဲ မဲရခဲ့ကြပါတယ်။

အတိုက်အခံ ခေါင်းဆောင်တွေကတော့ ဒီရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ပြီး မဲခိုးမဲလိမ်မှုတွေ ရှိခဲ့တယ်လို့ ပြောနေကြပါတယ်။ Golos ခေါ် သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ အကဲခတ်အဖွဲ့ကတော့ မဲပေးမယ့်သူတွေကို ဘက်စ်ကားပေါ်တင်ပြီး မဲရုံ တစ်ရုံပြီးတစ်ရုံ မဲထည့်ခိုင်းတာတွေ အပါအဝင် မသမာမှုပေါင်း ၃,၀၀၀ ကို မှတ်တမ်း တင်ခဲ့ရတယ်လို့ ပြောပါတယ်။ တကယ်လို့သာ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတခဲ့မယ်ဆိုရင် မစ္စတာ ပူတင် အနေနဲ့ ရွေးကောက်ပွဲ နောက်တကျော့ ထပ်ပြိုင်ရမှာ သေချာတယ်လို့ Golos အကဲခတ်အဖွဲ့ ပြောခွင့်ရသူ Grigory Melkonyants က ဗွီအိုအေကို ပြောပါတယ်။

ဒါပေမဲ့ မစ္စတာ ပူတင် ကတော့ ပွင့်လင်း ရိုးသားစွာနဲ့ သူ ရုန်းကန်ခဲ့လို့ အနိုင်ရခဲ့တာလို့ ဆိုပါတယ်။ မစ္စတာ ပူတင် က ဝမ်းသာလွန်းလို့ မျက်ရည်လည်စွာနဲ့ ကရင်မလင်ရင်ပြင်မှာ ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း၊ တိုင်းပြည်ကို ကျူးကျော်မယ့် ရန်သူတွေ လက်ထဲမကျအောင် တားဆီးနိုင်ခဲ့ပြီလို့ ပြောဆိုလိုက်ပါတယ်။ ကွယ်လွန်သူ ရုရှားသမ္မတဟောင်း Boris Yeltsin က ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မစ္စတာ ပူတင် လက်ထဲ အာဏာလွှဲအပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ သမ္မတအဖြစ် မစ္စတာ ပူတင် သမ္မတအဖြစ် ပြန်အရွေးခံရပါတယ်။ ရုရှား အခြေခံဥပဒေအရ ၃ ကြိမ်ဆက်တိုက် သမ္မတ အရွေးခံခွင့် မရှိတာကြောင့် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဝန်ကြီးချုပ်တာဝန် ယူထားရတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG