သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင် ပုန်ကန်မှုတွေ ချေမှုန်းမယ်လို့ Putin သတိပေး


Rostov-on-Don မြို့က စစ်ဌာနချုပ်မှာ Wagner ကြေးစားတပ်တည်ထောင်သူ Yevgeny Prigozhin နဲ့ ရုရှားကာကွယ်ရေး ဒုဝန်ကြီး Yunus-Bek Yevkurov တို့ ဇွန် ၂၄၊ စနေနေ့မှာ တွေ့ဆုံဆွေးနွေးစဉ်
Rostov-on-Don မြို့က စစ်ဌာနချုပ်မှာ Wagner ကြေးစားတပ်တည်ထောင်သူ Yevgeny Prigozhin နဲ့ ရုရှားကာကွယ်ရေး ဒုဝန်ကြီး Yunus-Bek Yevkurov တို့ ဇွန် ၂၄၊ စနေနေ့မှာ တွေ့ဆုံဆွေးနွေးစဉ်

လက်နက်ကိုင်ပုန်ကန်ထကြွမှုဟာ နိုင်ငံတော် သစ္စာဖေါက်ဖျက်ပုန်ကန်မှု ဖြစ်သလို ရုရှားနိုင်ငံကို လက်နက်ကိုင် အာခံဆန့်ကျင်သူမှန်သမျှ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရုရှားကြေးစားတပ်ဖွဲ့ Wagner အုပ်စုကို ရုရှားသမ္မတ Vladimir Putin က ဒီကနေ့ စနေ့နေ့မှာ သတိပေးလိုက်ပါတယ်။ ရုရှားနိုင်ငံတောင်ပိုင်း Rostov မြို့က ရုရှားစစ်တပ် ကွပ်ကဲရေးဌာနချုပ်ကို Wagner အုပ်စုခေါင်းဆောင် Yevgeny Prigozhin က ထိန်းချုပ်ခဲ့ပြီး မော်စကိုအထိ ချီတက်မယ်လို့ ခြိမ်းခြောက်ထားစဉ်မှာ သမ္မတ Putin က အရေးပေါ် မိန့်ခွန်းပြောကြားခဲ့တာပါ။​

ပြည်တွင်းက သစ္စာဖေါက်သူတွေအပါအဝင် ကျနော်တို့လူထုနဲ့ နိုင်ငံကို ခြိမ်းခြောက်လာတဲ့ အခြေအနေမှန်သမျှကို ကာကွယ်သွားပါမယ်။ ကျနော်တို့ဟာ သစ္စာဖေါက်မှုကို အမှန်တကယ်ရင်ဆိုင်နေရတာပါ။ မတော်လောဘတက်လာတဲ့ ရည်မှန်းချက်နဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားတွေက အခုလို သစ္စာဖေါက်ဖို့ အကြောင်းဖန်လာစေတာ ဖြစ်တယ်လို့ ရုရှားသမ္မတ Vladimir Putin က ပြောသွားပါတယ်။

Wagner အုပ်စုက ရုရှားပြည်သူတွေကို နောက်ကျောကနေ ဓါးနဲ့ထိုးတာဖြစ်တယ်လို့ စွပ်စွဲပြီး လက်နက်ကိုင် သူပုန်ထသူတွေကို ချေမုန်းသွားမယ်လို့ ပြင်းထန်တဲ့ အသုံးအနှုန်းတွေနဲ့လည်း သမ္မတ Putin ကခြိမ်းခြောက်ခဲ့ပါတယ်။ Wagner ကြေးစားတပ်ခေါင်းဆောင် Yevgeni Prigozhin ကလည်း ရုရှားစစ်တပ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ဟာ သူတို့အကျိုးစီးပွားကို ရှေ့ရှုပြီး ယူကရိန်းကို စစ်တိုက်နေတာလို့ ပြောပြီး အဲဒီ ၂ ယောက်ကို သူ့လက်အပ်ဖို့ တောင်းဆိုနေပါတယ်။ မဟုတ်ရင် မော်စကိုအထိ သူ့ကြေးစားတပ်တွေနဲ့ ချီတက်ပြီး လမ်းခရီးမှာ တွေ့ရတဲ့ အတားအဆီး ခုခံ ဟန့်တားမှုတွေကို ပြန်လည်တိုက်ခိုက်သွားမယ်ဆိုပြီး ပြောဆိုပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေ သွားရောက်ဖို့ အချက်အခြာကျတဲ့ Rostov မြို့က ကွပ်ကဲရေးဌာနချုပ်မှာ Prigozhin ဟာ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Yunus Bek Yevkurov ၊ ရုရှားစစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး Vladimir Alekseyev တို့နဲ့ အခြေအတင် ပြောဆိုနေတဲ့ ဗီဒီယိုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ရုရှားဟာ အပြစ်မဲ့ အရပ်သား တွေကို သတ်ဖြတ်နေတယ်လို့ သူကပြောပါတယ်။

ဒီကိုလာတဲ့အကြောင်းရင်းက ရုရှားကာကွယ်ရေးဦးစီချုပ်အပြင် ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ပါ။ သူတို့မလာမချင်း ဒီမြို့ကို သိမ်းထားမှာဖြစ်သလို Rostov ကို ပိတ်ထားမှာပါ။ ပြီးရင် မော်စကိုသွားပါမယ်။

Prigozhin ရဲ့ ပြောဆိုမှုတွေထဲမှာ ရုရှားသမ္မတ Putin ကို တိုက်ရိုက်နာမည်တပ် အပြစ်တင်ဝေဖန်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။ သူ့အနေနဲ့ အာဏာသိမ်းဖို့ ကြိုးစားတာ မဟုတ်ဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။ အခုလို Prigozhin က Rostov မြို့ကို ထိန်းချုပ်ထားတယ်လို့ ပြောကြားခဲ့ပြီးနောက် မော်စကိုမြို့တော်မှာ လုံခြုံရေးတွေ တင်းကြပ်ထားသလို Wagner အုပ်စု ရုံးတချို့ကိုလည်း ရုရှားစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။

Prigozhin ဟာ သမ္မတ Putin ရဲ့ ရင်းနှီးတဲ့မိတ်ဆွေတယောက်ဖြစ်သလို ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ Wagner တပ်ဖွဲ့ဟာ ရုရှားဘက်က အဓိက ပါဝင်တိုက်နေတဲ့ ကြေးစား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ ယူကရိန်းမှာ ရုရှားတပ်သားအမြောက်အများ သေဆုံးရမှုနဲ့ပတ်သက်လို့ ရုရှား ထိပ်တန်းစစ်ဖက်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ စီမံခန့်ခွဲမှုတွေဟာ အင်မတန် ညံ့ဖျင်းကြောင်း Prigozhin ကမကြာခဏဝေဖန်ပြောဆိုလေ့ရှိသူပါ။ ဒါ့အပြင် သူ့တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ အလုံအလောက် ထောက်ပံ့ပေးတာမျိုး မရှိဘူးဆိုပြီးတော့လည်း ပြောဆိုနေတာပါ။ အခုလို ရုရှားမှာ ထိန်းမနိုင် သိမ်းမရ အခြေအနေဖြစ်နေတာနဲ့ ပတ်သတ်ပြီးတော့လည်း အဖြေရှာမှာဖြစ်ကြောင်း သူက ပြောပါတယ်။ ရုရှားစစ်တပ်ရဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း သူ့တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့တယ်လို့ သောကြာနေ့မှာ Prigozhin က အထောက်အထား ခိုင်ခိုင်မာမာမရှိဘဲ ပြောဆိုထားတာနဲ့ ပတ်သတ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG