သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နဲ့ ဆက်ဆံရေး ပိုကောင်းဖို့ သမ္မတ ပူတင် လိုလား


 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှားသမ္မတ ပူတင် မော်စကိုမှာ တွေ့ဆုံစဉ်( ဒီဇင်ဘာ ၁၅၊ ၂၀၁၅)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှားသမ္မတ ပူတင် မော်စကိုမှာ တွေ့ဆုံစဉ်( ဒီဇင်ဘာ ၁၅၊ ၂၀၁၅)

ရုရှားသမ္မတ Vladimir Putin က ရှေ့နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်သူပဲ အနိုင်ရရ အမေရိကန်နဲ့ ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေးတရပ် ထားရှိလိုတယ်လို့ ပြောပါတယ်။

နိုင်ငံတကာက သတင်းထောက်တွေနဲ့ နှစ်စဉ်တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ပူတင်က - သူ့အနေနဲ့ အမေရိကန်ပြည်သူတွေ ရွေးချယ်တင်မြောက်တဲ့ သမ္မတနဲ့ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပါပဲလို့ ပြောဆိုခဲ့တာပါ။

ဒီသီတင်းပတ်အစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ သူ တွေ့ဆုံဆွေးနွေးခဲ့တာကိုကြည့်ရင် နှစ်နိုင်ငံ ပူးတွဲ ဖြေရှင်းလို့ရမယ့် ကိစ္စရပ်တွေမှာ ရှေ့ဆက် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ အမေရိကန်ဘက်ကလည်း အဆင့်သင့် ရှိနေတယ်ဆိုတာကို ပြနေတယ်လို့လည်း မစ္စတာ ပူတင်က ပြောပါတယ်။

ဆီးရီးယားအရေးနဲ့ ပတ်သက်လို့တော့ ဆီးရီးယားမှာ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ပေါ်လာတဲ့အချိန်အထိ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ်လို့ ဆိုပြီး ဆီးရီးယားမှာ ဘယ်သူ ဆက်အုပ်ချုပ်မလဲ ဆိုတာကိုတော့ ဆီးရီးယားပြည်သူတွေကပဲ ဆုံးဖြတ်ကြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ရုရှားအနေနဲ့ ဆီးရီးယားမှာ အမြဲတမ်း စစ်တပ်စခန်းတခု ထားရှိသွားမလားဆိုတာတော့ မသိသေးဘူးလို့ ဆိုပါတယ်။ မကြာခင်က ရုရှားတိုက်လေယာဉ် ပစ်ချခဲ့တဲ့ တူရကီနိုင်ငံနဲ့ ဆက်ဆံရေး တင်းမာနေတာကတော့ ပြန်ကောင်းလာနိုင်ချေ မရှိသေးဘူးလို့ မစ္စတာပူတင်က ပြောသွားပါတယ်။

XS
SM
MD
LG