သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတရွေးကောက်ပွဲ ခန့်မှန်းထားတဲ့အတိုင်း ပူတင်အနိုင်ရ


ရုရှား သမ္မတ ရွေးကောက်ပွဲက အစီအစဉ် တကျ လုပ်ခဲ့ပေမယ့် မှန်မှန်ကန်ကန် ရွေးချယ်ခွင့် မရခဲ့ဘူးလို့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OSCEက ပြောဆိုလိုက်ပါတယ်။ မဲထွက် ထည့်မယ့်သူ များလာရေး ဆောင်ရွက်ခဲ့တာကြောင့် မဲထွက်ထည့်သူ အရေအတွက် သိသိသာသာ ရှိခဲ့ပေမယ့်လည်း အခြေခံ လွတ်လပ်ခွင့်နဲ့ ကိုယ်စားလှယ် မှတ်ပုံတင်မှု အပေါ် တားမြစ်ချက်တွေကြောင့် နိုင်ငံရေး လှုပ်ရှားမှုကို အကန့်အသတ် ဖြစ်စေပြီး မရိုးသားတဲ့ ယှဉ်ပြိုင်မှု ဖြစ်စေခဲ့တယ်လို့ OSCE ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ပြိုင်ဘက် ၇ ဦးနဲ့ ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ သမ္မတ Vladimir Putin အနေနဲ့တော့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရဖို့ သေချာနေပါပြီ။ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရှိတယ်ဆိုပေမယ့် မီဒီယာ အများစုမှာ တာဝန်ထမ်းဆောင်ဆဲ သမ္မတ အဖြစ် ဖော်ပြခဲ့ကြတာကြောင့် ယှဉ်ပြိုင်မှုမှာ တဖက်စောင်းနင်း ဖြစ်စေခဲ့တယ်လို့ OSCE ရဲ့ စောင့်ကြည့်သူတွေက ပြောပါတယ်။

တွေ့ခဲ့ကြရသလိုဘဲ မှန်မှန်ကန်ကန် မဟုတ်တဲ့ ပြိုင်ပွဲမှာ ရွေးခဲ့ကြရတာဟာဆိုရင် မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ပါဘူးလို့လည်း ပြောဆိုထားပါတယ်။ မနေ့ တနင်္ဂနွေနေ့မှာတော့ ရုရှားသမ္မတ နန်းတော် Kremlin အနီးက Manezhnaya ရင်ပြင်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို သမ္မတ Putin မိန့်ခွန်းပြောတာမှာတော့ သူ့ကို ထောက်ခံသူတွေကို ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။ နောက်ထပ် သမ္မတ သက်တမ်းကို ထပ်ပြီး ရွေးကောက်ခံဦးမလားလို့ မေးရာမှာတော့ အသက် ၆၅ နှစ် အရွယ် ရုရှား ခေါင်းဆောင်က ဒီကိစ္စက မဖြစ်နိုင်ကြောင်း၊ သူ့အနေနဲ့ အသက် ၁၀၀ မပြည့်ခင်အထိ ဒီရာထူး ရယူထားမယ်လို့ ထင်သလားလို့ ပြတ်ပြတ် ပြောခဲ့ပါတယ်။ သမ္မတ ပူတင်ရဲ့ တကယ့်ပြိုင်ဘက်ကတော့ အတိုက်အခံ ခေါင်းဆောင် Alexei Navalny ဖြစ်ပြီး သူကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆိုင်းငံ့ ပြစ်ဒဏ်ကြောင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။ ဆိုင်းငံ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတဲ့ အတိုက်အခံ ခေါင်းဆောင် Navalny ကတော့ သူ့ကို ရွေးကောက်ပွဲ ဝင်ခွင့်မရရေး အတွက် နိုင်ငံရေး ပရောဂနဲ့ စီရင်ချက် ချခဲ့တာလို့ ပြောဆိုနေတာပါ။ Vladimir Putin က သမ္မတ တလှည့် ဝန်ကြီးချုပ် အဖြစ် တလှည့်နဲ့ ၁၉၉၉ ခုနှစ် ကတည်းက အာဏာ ရယူထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG