သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြိုးဝေအောင် ကျန်းမာရေး ကင်တားနား အနီးကပ်စောင့်ကြည့်


၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး မကြာသေးခင်ကပဲ သေဒဏ် ချမှတ်ခံလိုက်ရတဲ့ ကိုဖြိုးဝေအောင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်တဲ့အကြောင်းနဲ့ ဒါနဲ့ပတ်သက်လို့ မြန်မာအစိုးရထံ မေးမြန်း ဆွေးနွေးထားတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံကို တင်ပြထားပါတယ်။

ကိုဖြိုးဝေအောင် ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်တဲ့ စိုးရိမ်စရာ သတင်းအချက်အလက်တွေ အတော်များများ သူ့အနေနဲ့ စုစောင်း ရရှိထားသလို အခုနောက်ဆုံး ညီဖြစ်သူ ကိုထက်ဝေအောင်ထံကနေ ကိုဖြိုးဝေအောင် လပိုင်းသာ ဆက်ပြီး နေရနိုင်ဖွယ်ရှိတယ်လို့ ဆိုပြီး ရေးသားလာတဲ့ စာကိုလည်း သူ လက်ခံရရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားက ပြောပါတယ်။ ကိုဖြိုးဝေအောင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး အထူး စိုးရိမ်တဲ့အတွက် မြန်မာအစိုးရထံကို စာနဲ့ မေးမြန်း ဆွေးနွေးထားတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦးချင်းစီရဲ့ အခြေအနေဟာ ကျနော့် အတွက် အရေးကြီးပါတယ်။ အထူးသဖြင့် အခု ကိုဖြိုးဝေအောင်ရဲ့ ကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်တဲ့အတွက် တာဝန်ရှိသူတွေကို ကျနော် မေးမြန်း ဆက်သွယ်ထားပါတယ်။ မြန်မာ အစိုးရအနေနဲ့ ကိုဖြိုးဝေအောင်ရဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ခံစားခွင့်တွေကို အပြည့်အ၀ ပေးဖို့၊ အကျဉ်းထောင်ထဲမှာ ရှိနေပေမဲ့ သူ့မှာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ခံစားခွင့် ရှိရမယ်၊ ဒါကို လေးစားလိုက်နာပါလို့ ကျနော် တောင်းဆိုထားပါတယ်။ ခုထိတော့ အစိုးရဘက်က တုံ့ပြန်လာတာ မရှိသေးပါဘူး။ ကျနော့်စာကိုတော့ သူတို့ လက်ခံရရှိထားပြီးပြီလို့ ထင်ပါတယ်။ ကိုဖြိုးဝေအောင်ရဲ့ အခြေအနေ၊ အထူးသဖြင့် သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျနော် အနီးကပ် စောင့်ကြည့်နေပါတယ်။”

ဇူလိုင်လကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံကို သူ သွားရောက်ဖို့ စီစဉ်နေသလို အဲဒီအခါမှာလည်း ကိုဖြိုးဝေအောင် ကိစ္စကို အဓိက ဆွေးနွေးမယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ကိုဖြိုးဝေအောင်ဟာ အသည်းကင်ဆာ ရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့အကြောင်း၊ ဆရာဝန်တွေရဲ့ နောက်ဆုံး ဆေးစစ်ချက်တွေအရ သူ့ရဲ့ ရောဂါအခြေအနေဟာ နောက်ဆုံးအဆင့်မှာ ရောက်နေပြီး လပိုင်းသာ အသက်ရှင်ခွင့် ရတော့မှာ ဖြစ်တယ်လို့ ညီဖြစ်သူ ကိုထက်ဝေအောင်က မစ္စတာ ကင်တားနားထံကို မေလ ၂၁ ရက်နေ့က နောက်ဆုံး စာရေးသား ပေးပို့ခဲ့တာပါ။ မေလ ၁၀ ရက်နေ့စလို့ အင်းစိန်ဆေးရုံမှာ တက်ရောက် ကုသခွင့် ရနေပေမဲ့ အထွေထွေ ရောဂါကု ဆရာဝန်နဲ့ပဲ ကုသခွင့်ရတယ် လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ လက်ရှိ တရားရေးစနစ်ရဲ့ အားနည်းမှုတွေကြောင့် ကိုဖြိုးဝေအောင်ဟာ အခုလို ဖမ်းဆီး ထိန်းသိမ်းခံရတာဖြစ်တယ်၊ တကယ်တမ်း ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ကိုဖြိုးဝေအောင်ဟာ ပြစ်ဒဏ် ချမှတ်ခံရစရာ မရှိတော့ဘူးလို့ အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေတွေအရအဆိုရင်တော့ ခရိုင်တရားရုံးက စစ်ဆေး စီရင်မှု ပြီးသွားပေမဲ့ ဒီ စစ်ဆေးစီရင်မှု မှန်ကန်တယ်၊ မမှန်ကန်ဘူး၊ စတာတွေကို ဆုံးဖြတ်ဖို့ အတွက် အထက် ပြည်နယ်နဲ့ တိုင်းဒေသကြီး တရားရုံး တရားလွှတ်တော် စတဲ့ အဆင့်ဆင့် အယူခံခွင့် ရှိပါသေးတယ်။ တကယ်တမ်းသာ ဥပဒေနဲ့အညီ စစ်ဆေး စီရင်မယ်ဆိုလို့ရှိရင်တော့ ယခု ကိုဖြိုးဝေအောင်ကို သေဒဏ် အပြစ်ပေးထားတဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ (၃) အရ အရေးယူမယ်ဆိုရင် နိုင်ငံတော် သမ္မတရဲ့ ခွင့်ပြုချက် လိုပါတယ်။ သို့သော်လည်းပဲ ကိုဖြိုးဝေအောင်ရဲ့ အမှုကို စစ်အစိုးရရဲ့ လက်ထက်မှာ စစ်ဆေး စီရင်တာ ဖြစ်တဲ့အတွက် နိုင်ငံတော် အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်မှတ်လိုတယ်လို့ ကျနော်တို့ ပြောရမှာဖြစ်တယ်။ သို့သော်လည်းပဲ နိုင်ငံတော် အကြီးအကဲရဲ့ခွင့်ပြုချက် မပါဘဲနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့သာ ဒီအမှုကို စွဲဆိုထားတာ ဖြစ်တဲ့အတွက် ဒီအမှုက အစကတည်းက ပျက်ပြယ်နေပြီးသား ဖြစ်တယ်။ ဒီအချက်အပေါ်မှာ မူတည်ပြီးတော့ ပေးထားတဲ့ အပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးလိုက်မယ် ဆိုလို့ရှိရင်တော့ ဥပဒေနဲ့အညီ ဆုံးဖြတ်ရာလည်း ကျတယ်။ တိမ်းစောင်းနေတဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကိုလည်း အထက် တရားရုံးတွေက ပြုပြင်ပေးရာ ရောက်တဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် ဒီလိုမျိုးတော့ လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုး ရှိတယ်လို့ ကျနော်တို့မြင်ပါတယ်။”

အစောပိုင်းအဆင့် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ရခဲ့မယ်ဆိုရင် ကိုဖြိုးဝေအောင်ရဲ့ ရောဂါ အခြေအနေဟာ ခုထိ ဆိုးရွားသွားနိုင်စရာ မရှိဘူးလို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ခုနှစ်တုန်းက ရန်ကုန်သင်္ကြန်ဗုံးခွဲမှုနဲ့ဆက်စပ်ပြီး မတရား စွပ်စွဲခံခဲ့သလို သူ့ရဲ့အမှုကို တရားစီရင်ရာမှာလည်း လွတ်လပ် ပွင့်လင်းမှု၊ ခိုင်လုံတဲ့ အထောက်အထား၊ တရားခံဘက်က ချေပပြောဆိုနိုင်တဲ့ အခွင့်အလမ်းတွေ မရှိခဲ့ဘူးလို့ သူ့ရဲ့ မိသားစုအပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ရှေ့နေတွေကလည်း ဝေဖန် ပြောဆိုကြပါတယ်။

ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ခုနှစ် ဧပြီလမှာ ဖမ်ဆီး ခံခဲ့ရတာဖြစ်ပြီး သူ့ကို အင်းစိန် ထောင်တွင်း ၂ နှစ်ကျော်ကြာ စစ်ဆေးမှုတွေ လုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကတော့ ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံး ကနေ သူ့ကို သေဒဏ်ချမှတ်ခံခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG