သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UEHRD အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်နဲ့ တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၃)


ဒေါ်ပြုံးကေသီနိုင်

ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ လတ်တလော အကျပ်အတည်း အကြီးမားဆုံးဖြစ်နေတဲ့ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ UEHRD လို့ခေါ်တဲ့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ အစိုးရအဖွဲ့ ပူးပေါင်းပြီး ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့ပေးရေးအဖွဲ့က နိုင်ငံတကာဆက်ဆံရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်ပြုံးကေသီနိုင်နဲ့ ဗွီအိုအေရဲ့အယ်ဒီတာ ဒေါ်ခင်စိုးဝင်းတို့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ အခုလောလောဆယ်ပေါ့နော်၊ နိုင်ငံတကာအဖွဲ့အစည်းတွေက လာပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ လာသွားတယ်။ အီးယူ ဥရောပသမဂ္ဂက ကိုယ်စားလှယ်အဖွဲ့ လာသွားတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်လာတယ်။ လာတိုင်းလာတိုင်းမှာ မြန်မာနိုင်ငံထဲကို ဝင်လာ တုန်းကနေပြီးတော့ လိုက်ပြတာတွေ ကြည့်တယ်၊ စခမ်းတွေသွားကြည့်တယ်၊ ဒေါက်တာ ဝင်းမြတ်အေးတို့လည်း ကိုယ်တိုင်ကိုယ်ကျ လိုက်လံပြသတယ်။ ဒါပေမယ့် သူတို့ ပြန်သွားပြီး ဒီနိုင်ငံက ထွက်သွားတာနဲ့တပြိုင်နက် 'မြန်မာနိုင်ငံကတော့ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူး၊ မြန်မာနိုင်ငံ ကတော့ ဒီ လူနည်းစုတစုကို ဖိနှိပ် နှိပ်စက်နေတာပဲ..' ဆိုတာမျိုးကတော့ အမြဲတမ်းပြန်ပြီးတော့ ကြားနေရတဲ့အခါကျတော့ အင်မတန်မှလည်း ဝမ်းနည်းဖို့ ကောင်းပါတယ်။ အဲဒီတော့ အဲဒါမျိုးတွေကို ဘယ်လိုနည်းနဲ့ တကယ်တမ်းမြေပြင်မှာ ဒီလို မဟုတ်ပါဘူးဆိုတာကို သက်သေပြနိုင်ဖို့အတွက်ကို ဘယ်လိုမျိုး မဟာဗျူဟာတွေချမှတ်ဖို့ ရှိပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ အရင်က ဘယ်လို အခြေအနေမျိုးမှာ ရှိခဲ့တာလဲ။ အဲဒီအချက်ကိုလည်းပဲ သိသာအောင် ပြသနိုင်ဖို့လိုတယ်လို့ ကျမကတော့ အဲလို မြင်ပါတယ်။ အရင်တုန်းက ဒီနေရာမှာရှိခဲ့တဲ့၊ နေထိုင်ခဲ့ရတဲ့အဆင့်အတန်းနဲ့ အခု ကျမတို့ ဆောင်ရွက်ပေးတဲ့ဟာနဲ့။ နိုင်ငံတကာမှာတော့ တကယ်ချမ်းသာ ပြီးတော့ ဝင်ငွေတွေ အများကြီး သုံးစွဲနိုင်တဲ့နိုင်ငံမျိုးက ထားတဲ့ facilities မျိုးနဲ့ ကျမတို့ ဆောင်ရွက်တာနဲ့တော့ ကြားထဲမှာ ကွာဟချက် ရှိနိုင်ပါတယ်။ မရှိဘူးလို့တော့လည်း ကျမ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်၊ ကျမတို့တွေ ကိုယ့်အစွမ်းရှိသလောက်တော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက်ကို ကြိုးစားနေတာကတော့- ရန်ပုံငွေ သုံးစွဲတဲ့အခါမှာ အများဆုံးသုံးစွဲတယ်။ နောက်ပြီးတော့ နိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုရင်လည်းပဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလို့ရှိရင် အငူမော် စစ်တွေလမ်းဆိုလို့ရှိရင် Asia World ကနေပြီးတော့ အကုန်လုံးကို သူ့လူတွေနဲ့သူ လမ်းလာချဲ့ပေးတယ်။ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကျမတို့အားလုံး ဝိုင်းဝန်းပြီး ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီတော့ အဲဒီ တကယ့် အခြေအနေ မှန်တွေကို သိအောင်တော့ ကျမတို့အနေနဲ့ အခုဆိုရင် UEHRD ကနေပြီးတော့ Documentaries တွေ၊ ဇာတ်လမ်းတိုလေးတွေ၊ ဒါမျိုးလေး တွေနဲ့ပဲ ရိုက်နေတာလည်း ရှိပါတယ်။ အဲဒါတွေကိုလည်းပဲ ရိုက်ဖို့လည်းပဲ ထပ်ပြီးတော့ စီစဉ်ဆောင်ရွက်နေတာတွေလည်းပဲ ရှိပါတယ်။ နောက် အရေးပါ တဲ့ နိုင်င့တကာ အဖွဲ့အစည်းတွေပေါ့- ဥပမာ၊ ပြီးခဲ့တဲ့ ဂျနီဗာမှာဆိုလို့ရှိရင် ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်တဲ့ delegation မှာဆိုလို့ရှိရင် ကျမတို့ ကိုယ်တိုင်လည်း ပါသွားပြီးတော့ Human Rights Council မှာ သွားပြီးတော့ Understanding Myanmar ဆိုပြီး မြန်မာကို နားလည်လာဖို့အတွက် တကယ့် အခြေအနေမှန်ကို ရှင်းပြတဲ့ဟာမျိုးပေါ့နော်။ အဲဒါမျိုးကိုလည်း တကယ်အရေးပါတဲ့ နိုင်ငံတကာ institution တွေ၊ နောက် နိုင်ငံတကာမှာ အရေးပါတဲ့ လူပုဂ္ဂိုလ်တွေ၊ နောက် မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ Academicians တွေကိုပေါ့နော်၊ Universities ၊ ဒါမျိုးတွေကို ကျမတို့ ထွက်ပြီးတော့ အခါအားလျော်စွာ ပြောဆိုရှင်းပြနေတာတွေကိုလည်းပဲ လုပ်နေပါတယ်။

မေး။ ။ အခု ရခိုင်အရေးနဲ့ပတ်သက်ပြီး ပြောလို့ရှိရင် များသောအားဖြင့် သူတို့ စွပ်စွဲနေကြတာတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အင်အားအဆမတန် သုံးမှု ကြောင့် ဒုက္ခသည်တွေ အလုံးနဲ့အရင်းနဲ့ တဘက်နိုင်ငံကို ထွက်ပြေးကြရတယ်ဆိုပြီးတော့ ဖြစ်နေကြတာ- ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပေါ့နော်-မပြေးသော်လည်း ကံရာရှိပဲ ပြောရမလားတော့ မပြောတတ်ဘူး၊ အဲဒါကြောင့်လည်းပဲ အင်မတန်မှကို အရုပ်ဆိုး အကျည်းတန်အဖြစ်ပေါ့။ အခု ICC တင်မယ်လို့ ပြောလို့ပြော၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဒီကိစ္စကို ဆွေးနွေးတယ် ပြောလိုပြော၊ အဲဒီတော့ တပ်မတော်ရဲ့အခန်းကဏ္ဍ ပေါ့နော်။ သူတို့ရဲ့တုံ့ပြန်မှုတွေကို ဘယ်လို ကြုံတွေ့ရပါသလဲရှင့်။

ဖြေ။ ။ အစိုးရရဲ့ ပြောတာရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မည်သည့်အကြမ်းဖက်မှုကို ကျူးလွန်တဲ့ ပုဂ္ဂိုလ်မဆို အဖွဲ့အစည်းကိုမဆို သက်သေ သက္ကာယ ခိုင်လုံရင် အရေးယူမယ်လို့ ပြောပါတယ်။ ..ဆိုတော့ ဒါ ကျမတို့ နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့တာလည်း ဒါကိုပဲဖြစ်တယ်။ 'ဥပဒေအထက်မှာ မည်သူမှ မရှိစေရ' ဆိုတာလေ။ တချက်ကတော့ ဘာလဲဆိုတော့ ဒီကိစ္စတွေအားလုံးက ARSA တိုက်ခိုက်မှုရဲ့နောက်ပိုင်းမှာဖြစ်တာဖြစ်ပါတယ်။ သြဂတ်စ်လ ၂၅ ရက်နေ့နောက်ပိုင်းပေါ့နော်၊ အဲဒီတော့ ကျမတို့နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်တယ်ဆိုတဲ့ အတွေ့အကြုံကလည်း ဒါ ပထမဦးဆုံး အကြိမ်ဖြစ်တယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ ကျမတို့ ဆွေးနွေးခဲ့ကြတဲ့အချိန် သြဂတ်စ်လ ၂၄ ရက်နေ့ပေါ့နော်၊ အဲဒီအချိန်မှာ ဆွေးနွေးခဲ့တဲ့ အချိန်တုန်းကဆိုရင် လွှတ်တော်ဘက်က နေပြီးတော့ ဒီအရာတွေကို မေယုတောင်ကြောမှာ စစ်ရေးလေ့ကျင့်တာတွေကိုလည်း တွေ့တယ်။ အကြမ်းဖက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သတင်းတွေရတာ တွေလည်း ရှိတယ်။ .... ဆိုတော့ ဒါကို တပ်မတော်အနေနဲ့လည်း ပါဝင်ပြီးတော့ ဖြေရှင်းရမယ်ဆိုရင် International Humanitarian Law - ဟို ဂျနီဗာ Convention လို ဥပဒေမျိုးကိုလည်း လေးစားလိုက်နာဖို့ လွှတ်တော်က တိုက်တွန်းခဲ့တာ ရှိပါတယ်။ နောက် တကယ်ပဲ ကျူးလွန်ဖောက်ဖျက်ခဲ့တာ ရှိတယ် ဆိုလို့ရှိရင်လည်း တာဝန်ရှိတဲ့သူတွေကို - အခုတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း အရေးယူပါမယ်ဆိုတာမျိုးကို ပြောတာလည်းရှိသလို အင်းဒင်ကိစ္စမျိုးမှာလည်း အရေးယူခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီတော့ တကယ်ပဲကျူးလွန်ခဲ့တာ ဖြစ်တယ်ဆိုရင်တော့ လက်ရှိ အစိုးရအနေနဲ့ သူ တစိုက်မတ်မတ် ပြောခဲ့တဲ့မူကတော့ သက်သေ အထောက်အထား ခိုင်လုံတယ်ဆိုရင် ဒါကို တရားဥပဒေအရ ထိရောက်စွာအရေးယူမယ်ဆိုတာကိုတော့ ပြောခဲ့တာလည်းဖြစ်ပါတယ်။ အခုနောက်ဆုံး ဖွဲ့စည်းဖို့ရှိပါတယ်ဆိုတဲ့ အဖွဲ့အစည်းဆိုလို့ရှိရင် အကြမ်းဖက်မှုနောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံ ရတဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ဖွဲ့စည်းတာပဲဖြစ်တယ်ဆိုတော့ ကျမတို့အနေနဲ့ ဒါတော့ စောင့်ပြီးတော့ကြည့်ဖို့လည်း လိုပါတယ်။

UEHRD လို့ ခေါ်တဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ အစိုးရအဖွဲ့ ပူးပေါင်းပြီး ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့ပေးရေးအဖွဲ့က နိုင်ငံတကာဆက်ဆံရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်ပြုံးကေသီနိုင်နဲ့ ဗွီအိုအေရဲ့အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG