သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်နဲ့ ဆက်သွယ်မေးမြန်းခန်း


မွန်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူ ဦးမင်းမင်းဦးက မွန်ပြည်နယ်မှာ အဓိကကျတဲ့ ရာဘာထုတ်လုပ်မှု စီးပွားရေးလုပ်ငန်း ဦးမော့လာအောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပြီး၊ တချိန်တည်းမှာ မွန်ပြည်နယ်တွင်းက တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှု မြှင့်တင်ရေး အစီအစဉ်တွေကို ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ရာမှာ မွန်တိုင်းရင်းသား ကိုယ်စားလှယ်ထဲက ရွေးချယ် ခန့်ထားသင့်တယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ရွေးချယ်တဲ့အခါမှာ မွန်လူမျိုးထဲကပဲ ရွေးချယ် တင်မြှောက်သင့်တယ် ဆိုပြီးတော့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီလို ဝေဖန်မှုတွေအပေါ်မှာ ဝန်ကြီးချုပ် ဦးမင်းမင်းဦးအနေနဲ့က ဘာများပြောလိုပါသလဲခင်ဗျ။

ဖြေ - “ဟုတ်ပါတယ်။ ကျနော်လည်း ကြားပါတယ်။ မွန်ပြည်နယ်မှာ မွန်လူမျိုးဖြစ်သင့်တယ်ဆိုတဲ့ အနေအထားပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေမှာကို ဒီနေရာမှာ ကျနော့်ကို ရွေးဖို့အတွက် သူတို့ စဉ်းစားထားပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတကြီး ဦးထင်ကျော်ကိုယ်တိုင်က မွန် အနွယ်ဝင်ပါ။ နောက် တိုင်းရင်းသားဝန်ကြီးခန့်လိုက်တဲ့ နိုင်သက်လွင်လေ မွန်တိုင်းရင်းသားပါ။ ကျနော်လည်း အမှန်မှန် ပြောမယ့်သာပြောရတယ်။ မွန်ပြည်နယ်မှာမွေးတော့ ဗမာဆိုပေမဲ့ မွန်အနွယ်ပါ။ ဒီမှာ ဒါပေမဲ့ နောက်ပိုင်းကျတော့ မှတ်ပုံတင်ထဲမှာ ထည့်တော့ ဗမာ ဗုဒ္ဓဘာသာပဲ ထည့်ရတာပါ။ လုံး၀ ကင်းကင်းကြီးတော့ မဟုတ်ပါဘူး။ မွန်အနွယ်ပါပဲ။ ကျနော်တို့အဖိုးဘက်က နော်။ ဒါပေမဲ့ ဒီမှာက မွန်ပြည်နယ်မှာက အစွဲလေး နည်းနည်းရှိတော့လေ ဒါ ပြဿနာ မဟုတ်ပါဘူး။”

မေး - အဲတော့ ဟုတ်ကဲ့ မွန်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်လာပြီဆိုတော့ ပြည်နယ် တိုးတက်ကောင်းစားရေးအတွက် ဘယ်လိုကဏ္ဍတွေကို အဓိက ဦးစားပေးလုပ်သွားဖို့ စိတ်ကူးထားပါသလဲခင်ဗျ။

ဖြေ - “မွန်ပြည်နယ်ရဲ့ အဓိကသွေးကြောက ရာဘာလုပ်ငန်းလေ။ ရာဘာတောင်သူတွေက အခု တော်တော်လေး ထိခိုက်နေတယ်။ ဒီဟာကို ကျနော် ဘယ်လို ပြန်မတင်နိုင်မလဲဆိုတာ စဉ်းစားတော့ စဉ်းစားနေတာပေါ့နော်။ ဒါပေမဲ့ မြန်မာနိုင်ငံက ဖြစ်နေတာက ရာဘာက ဒီမှာ ကုန်ကြမ်းထုတ်လုပ်နိုင်တဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။ ကုန်ချောထုတ်လုပ်နိုင်တဲ့အဆင့် မရှိသေးတော့ ဒီအပိုင်းကို ကျနော် ဘယ်လိုကူညီနိုင်မလဲ။ ဒါကိုပဲ အဓိက ကျနော် စဉ်းစားနေတာပေါ့နော်။ ကျန်တဲ့အပိုင်းကတော့ ဝန်ကြီးဌာနတွေ ထွက်လာတဲ့အခါ သူတို့ရဲ့ အားနည်းချက် အားသာချက်ကို အခြေခံပြီးတော့ ဘယ်လိုကောင်းအောင်၊ ဘယ်လိုပြုပြင်ဖာထေးပြီး ကြိုးစားမလဲဆိုတာ ကျနော် စဉ်းစားပြီးသွားပါမယ်နော်။”

မေး - အဲတော့လေ နောက်တခုက ဒီ မွန်ပြည်သစ်လို လက်နက်ကိုင်အဖွဲ့တွေရှိသလို၊ ကရင်လက်နက်ကိုင် အဖွဲ့တချို့ကလည်း ဒီမှာရှိပါတယ်။ ဆိုတော့ မွန်ပြည်နယ်တွင်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်အနေနဲ့ ဘာတွေစဉ်းစားထားပါသလဲ။

ဖြေ - “အမှန်မှန်ကတော့ အားလုံး စေ့စပ်ညှိနှိုင်းအဖြေရှာပြီးတော့ သွားရမှာပါ။ ဒါကလည်း နိုင်ငံတော်အပိုင်းကလည်း လုပ်မှာပါ။ ကျနော်တို့ မွန်ပြည်နယ်မှာလည်း နိုင်ငံတော်ရဲ့ မူဝါဒအနေနဲ့ ကြည့်ပြီး၊ လိုက်လျောညီထွေ တိုင်းရင်းသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံး လက်အတူ ယှဉ်တွဲပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်းကို လုပ်သွားနိုင်အောင်တော့ အားလုံး ကြိုးစားမှာပါနော်။ အခုကတော့ နိုင်ငံတော်အပိုင်းက ဘယ်လိုသွားမလဲဆိုတဲ့ အပေါ်ရဲ့မူဝါဒကို ကျနော်တို့ကြည့်ပြီးတော့ အောက်မှာလည်း အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရမှာပေါ့။”

မေး - အဲတော့ ဒီ မွန်ပြည်နယ်မှာ မွန်လူမျိုးတွေအနေနဲ့ သူတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု လွတ်လွတ်လပ်လပ်နဲ့ သင်ကြားခွင့်ရရေးတို့ အဲဒါနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေ လွတ်လပ်ခွင့်ရရေးတို့ အစဉ်တစိုက် တောင်းဆိုခဲ့တာတွေရှိပါတယ်။ ဒီကိစ္စတွေမှာရော ဝန်ကြီးချုပ်က ဘယ်လိုတွေ ဆောင်ရွက်သွားပေးဖို့ ရှိပါသလဲ။

ဖြေ - “ဒါက ကူညီပေးရမယ့် အခြေအနေပဲလေ။ တိုင်းရင်းသားဘာသာစကား၊ သူတို့ကတော့ သူတို့တိုးတက်ရာ တိုးတက်ကြောင်း ကူညီပေးရမှာပါ။ တိုင်းရင်းသားဝန်ကြီးတွေလည်း ကျနော်တို့ထဲမှာ ရှိပါတယ်။ သူတို့ကိုလည်း မေးနေပါတယ်။ သူတို့ ဘယ်လောက်အထိ လုပ်ချင်တာလဲ။ ကျနော် ဘယ်လောက် လုပ်ပေးနိုင်မလဲ။ အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ ကျနော်တို့ စဉ်းစား ဆုံးဖြတ်ရမှာပါနော်။ ဒီတိုင်းရင်းသားတွေအားလုံး တိုးတက်ရာ တိုးတက်ကြောင်းကတော့ ကျနော်တို့ရင်ထဲမှာ ရှိပြီးသားပါ။ မွန်မှမဟုတ်ဘူး။ ဒီမှာ ကရင်လည်းရှိတယ်လေ။ ပအို့ဝ်လည်းရှိတယ်။ သူတို့ရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အကုန်လုံးဟာ ဒါ တိုးတက်ချင်ကြတာပဲ။ ကျနော်တို့ကတော့ ဒါ ကူညီဆောင်ရွက်ပေးရမှာပဲလေနော်။”

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ၁၉၈၈ လူထုလှုပ်ရှားမှုမှာ စတင်ပါဝင်ခဲ့ပြီး၊ B.E အင်ဂျင်နီယာဘွဲ့ ရထားသူတဦးဖြစ်သလို ၊ NLD ပါတီရဲ့ ဘီးလင်းမြို့နယ် ဒုဥက္ကဌတာဝန်ကို ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဘီးလင်းမဲဆန္ဒနယ် အမှတ်-၂-ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG