[[Zawgyi/Unicode]]
ယူကရိန်းနိုင်ငံကြုံရတဲ့ ကျူးကျော်သိမ်းပိုက်ခံရမှုမျိုး အင်ဒို ပဖိဖိတ်ဒေသမှာ အဖြစ် မခံသင့်တဲ့အကြောင်း Quad လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ သြစတြေးလျနဲ့ ဂျပန်ခေါင်းဆောင်တွေ မနေ့က သဘောတူလိုက်တဲ့အကြောင်း ဂျပန်နဲ့ သြစတြေးလျဝန်ကြီးချုပ်တွေက ပြောဆိုပါတယ်။
ယူကရိန်းကို ရုရှားက ကျုးကျော်လိုက်တဲ့ကိစ္စကိုပဲ အနောက်နိုင်ငံတွေ အာရုံစိုက်နေချိန်မှာ တရုတ်နိုင်ငံက အခွင့်ကောင်းယူမှာကိုစိုးရိမ်ပြီး သီးခြားကိုယ်ပိုင် အုပ်ချုပ် တဲ့ ထိုင်ဝမ်ကျွန်းမှာ တပ်လှန့်သတိပေးတဲ့အဆင့် တိုးမြှင့်ထားပါတယ်။ ထိုင်ဝမ်နဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့အခြေအနေတွေကြောင့် Quad လေးနိုင်ငံ ခေါင်းဆောင်တွေ အွန်လိုင်းကနေ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်သမ္မတ Joe Biden၊ သြစတြေးလျဝန်ကြီးချုပ် Scott Morrison၊ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ ပါဝင် ဆွေးနွေးကြတာပါ။ တဖက်သတ်အင်အားသုံးပြီး လက်ရှိအနေအထားကို အတင်းအကျပ် ပြောင်းလဲတာမျိုး အင်ဒို ပဖိတ်ဒေသမှာ ခွင့်မပြုဘူးဆိုတာကို ကျနော်တို့ သဘောတူခဲ့ကြပါတယ်လို့ ရုရှားကျုးကျော်မှုကို ကိုးကားပြီး ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပြောပါတယ်။
ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့အခြေအနေမျိုး အင်ဒို ပစိဖိတ်ဒေသမှာ အဖြစ်မခံနိုင် ဘူး ဆိုတာကို သြစတြေးလျဝန်ကြီးချုပ် Scott Morrison ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ အင်ဒို ပစိဖိတ်ဒေသကို လွတ်လပ် ပွင့်လင်းတဲ့ ဒေသတခု ဖြစ်ဖို့ ချထားတဲ့သန္နိဌာန်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့အကြောင်းနဲ့ နိုင်ငံငယ်လေးတွေအနေနဲ့ ပိုပြီး အင်အားကြီးတဲ့ နိုင်ငံတွေကို ကြောက်စရာမလိုတဲ့အကြောင်း သြစတြေးလျဝန်ကြီးချုပ် Scott Morrison က ပြောဆိုသွားပါတယ်။
=================
[[Zawgyi/Unicode]]
=================