သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရင်မကြီး အဲလိဇဘက် ကုလ အထွေထွေ ညီလာခံမှာ မိန်ခွန်းပြော


ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးဟာ ကမ္ဘာကြီးရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပါဝင် ဖြေရှင်းရေးကို နှစ်ပေါင်း ၆၀ ကျော် ကူညီ ပုံဖော်ပေးနေတဲ့ အပြင် အခုလို ပြတ်သားတဲ့ ဦးဆောင်မှုကို ဆက်ပြီး ပေးဖို့အတွက် အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့ကို ရောက်ရှိလာတဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၃ နှစ်တုန်းကလည်း ကုလသမဂ္ဂမှာ မိန့်ခွန်း ပြောကြားခဲ့ပါသေးတယ်။ အခု ခဏတာ လာရောက်ခဲ့တဲ့ ခရီးစဉ်မှာ ၂၀၀၁ ခုနှစ်တုန်းက အကြမ်းဖက် တိုက်ခိုက်ခံရလို့ သေဆုံးသွားရသူတွေကို ဂုဏ်ပြုဖို့လည်း ရှိတယ်လို့ ဗွီအိုအေ သတင်းထောက် မာဂရက် ဘက်ရှီးယား (Margaret Besheer) နယူးယောက်ခ် ကုလသမဂ္ဂ ရုံးချုပ်ကနေ သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အဲလိဇဘက် ဘုရင်မကြီး (Queen Elizabeth) က သူ့ရဲ့ ဘုရင်မသက်တမ်း နှစ်ပေါင်း ၅၀ ကျော်အတွင်း ကုလသမဂ္ဂမှာ ပြောင်းလဲမှုတွေ တွေ့လာရပြီး အများအားဖြင့် ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်တယ်လို့ အထွေထွေ ညီလာခံ ခန်းမကြီးထဲက ပြည့်လျှံနေတဲ့ ပရိသတ်ကို ပြောကြားခဲ့ပါတယ်။ အုပ်ချုပ်တဲ့ အစိုးရတွေထက် ပြည်သူတွေရဲ့ ကြိုးစားမှုတွေကြောင့် သိပ္ပံနဲ့ နည်းပညာရပ်တွေ တိုးတက်လာသလို လူမှုရေး အခြေအနေ ပြောင်းလဲမှုတွေလည်း တွေ့လာရပေမဲ့ အခုထိ မပြောင်းလဲဘဲ တွေ့နေရတာကတော့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်တွေနဲ့ စံတန်ဖိုးတွေ အပါအဝင် အရေးပါတဲ့ အချက်တွေပါလို့ ဆိုပါတယ်။

“ကမ္ဘာတဝန်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတရေး တိုးမြင့်လာဖို့ လုပ်ဆောင်မှုတွေ၊ ဆင်းရဲတွင်းနက်မှု၊ ရောဂါထူပြောမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ လျော့ပါးလာဖို့ လုပ်ဆောင်မှုတွေအပြင် နိုင်ငံသားတိုင်းရဲ့ လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို အကာအကွယ် ပေးနေတာတွေလည်း အခုထိ မပြောင်းလဲဘဲ တွေ့နေရပါတယ်။”

ကမ္ဘာတဝန်း နေရာအတော်များများမှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ လျော့ပါးစေဖို့အတွက် ကုလသမဂ္ဂရဲ့ လုပ်ဆောင်နေမှုကိုလည်း ဘုရင်မကြီးက ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်ရွက်စရာ အတော်များများ ကျန်နေပါသေးတယ်လို့ ဆိုပါတယ်။

“ကုလသမဂ္ဂဟာ ကမ္ဘာကြီးရဲ့ အန္တရာယ်တွေအတွက် နိုင်ငံတကာက ပါဝင်ဖြေရှင်းရေးကို နှစ်ပေါင်း ၆၀ ကျော် ကူညီ ပုံဖော်ပေးနေတာ တွေ့ရပါတယ်။ လူသားတိုင်းအတွက် လုံခြုံမှုရှိဖို့၊ သိက္ခာရှိဖို့နဲ့ ကြွယ်ဝမှု ရှိစေဖို့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုတွေမှာ ပြတ်ပြတ်သားသား ဆက်ပြီး လုပ်ပြဖို့နဲ့ ဦးဆောင်မှုပေးဖို့ ကိစ္စဟာ အခုနေခါမှာ စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။”

နွေဦးဝတ်စုံ အပြာနုမှာ အပေါ်ဝတ်အင်္ကျီ ပန်းရောင်ဖျော့ဖျော့နဲ့ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ကျက်သရေရှိလှတဲ့ ဗြိတိန်နိုင်ငံရဲ့ ဘုရင်မကြီးဟာ ကုလသမဂ္ဂ ဝန်ထမ်းတွေထဲက တာဝန်ထမ်းဆောင်စဉ်မှာ ကျဆုံးသွားသူတွေကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr Ban Ki-moon) ကတော့ ဘုရင်မကြီးဟာ an anchor for our age အခုခေတ်ကာလရဲ့ လမ်းမှန်ကို ညွှန်ကြား ထိန်းသိမ်းပေးသူတဦးဖြစ်ပြီး ကျက်သရေသိက္ခာ ရှိသူတဦးအဖြစ် ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

ဘုရင်မကြီးနဲ့ ကြင်ယာတော် မင်းသားကြီးတို့ဟာ ၂၀၀၁ ခုနှစ်က အကြမ်းဖက် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြသူတွေကို ဂုဏ်ပြုဖို့အတွက် World Trade Center ကို သွားရောက်ဖို့ စီစဉ်ထားပြီး အကြမ်းဖက်သမားတွေ လက်ချက်နဲ့ သေဆုံးသွားခဲ့ဲတဲ့ ဗြိတိန်နိုင်ငံသား ၆၇ ဦးအတွက် အမှတ်တရ ဥယျာဉ်ကိုလည်း ဖွင့်လှစ်ပေးဖို့ရှိပြီး အင်္ဂါနေ့ ညနေမှာတော့ ဗြိတိန်နိုင်ငံကို ပြန်လည် ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG