သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှ ဘုရင်မကြီး Elizabeth လွှတ်တော်မှာ မိန့်ခွန်းပြော


ဗြိတိသျှ ဘုရင်မကြီး အဲလိဇဘတ်ဟာ ဝန်ကြီးချုပ် Theresa May အစိုးရရဲ့ ဥပဒေပြုရေး ရည်မှန်းချက်တွေ ပါဝင်တဲ့ မိန့်ခွန်းတရပ်နဲ့ ဒီကနေ့မှာပဲ ပါလီမန်ကို အစဉ်အလာအတိုင်း ဖွင့်လှစ်ပေးလိုက်ပါတယ်။

ဗြိတိန်အစိုးရရဲ့ အစီအစဉ်တွေထဲမှာတော့ ပြီးခဲ့တဲ့နှစ်ထဲ လူထုဆန္ဒခံယူပွဲ တရပ်နဲ့ ဆုံးဖြတ်ခဲ့ပြီး၊ အခုအခါ ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူတွေနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့ EU အဖဲ့ွဝင်အဖြစ်ကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ရေး ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။

ဘုရင်မကြီးရဲ့ မိန့်ခွန်းထဲမှာ ပါဝင်တဲ့ ကိစ္စတွေကိုတော့ လွှတ်တော်မှာ ရှေ့သီတင်းပတ်ထဲ မဲခွဲဆုံးဖြတ်ကြမှာပါ။ ဗြိတိန်နိုင်ငံ အနေနဲ့ ဆွေးနွေးညှိနှိုင်းရာမှာ အကောင်းဆုံး စေ့စပ်နိုင်ဖို့၊ EU အဖွဲ့ဝင် မဟုတ်တော့တဲ့ အနာဂတ် ဗြိတိန်နိုင်ငံအတွက် ပြည်တွင်းမှာလည်း အတတ်နိုင်ဆုံး ဘုံသဘောတူညီချက်တွေ ရနိုင်အောင် ကြိုးပမ်းဖို့လည်း ဘုရင်မကြီးက မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြား သွားပါတယ်။

EU ကနေ ထွက်ခွာမယ့် ဗြိတိန်အနေနဲ့ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံတကာ အသိုင်းအဝန်းက ပိတ်ဆို့ဒဏ်ခတ်မှု၊ နျူကလီးယားလုံခြုံရေး၊ လယ်ယာစိုက်ပျိုးရေး အစရှိတဲ့ သီးခြားလွတ်လပ်တဲ့ မူဝါဒတွေ အများအပြား ချမှတ်ရမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အစိုးရအနေနဲ့ စီးပွားရေး အားကောင်းအောင်လုပ်ပြီး အလုပ်အကိုင်တွေ ဖန်တီးဖို့နဲ့ အခွန်တွေ တိုးမြှင့်ကောက်ခံပြီး အမျိုးသားကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ တိုးမြှင့်သုံးစွဲဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ NATO မဟာမိတ်အဖွဲ့ရဲ့ သတ်မှတ်ချက်နဲ့အညီ စစ်ဖက်မှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့နဲ့ တိုင်းပြည် အသားတင်ထုတ်လုပ်မှု ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲသွားမှာ ဖြစ်သလို၊ ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက်ကို အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေကို အားပေးသွားမယ်လို့လည်း ပြောဆိုခဲ့တာပါ။

EU အဖွဲ့ဝင်အဖြစ်ကနေ ထွက်မယ့် ဗြိတိသျှအစိုးရရဲ့ ရပ်တည်ချက်တွေ ခိုင်မာလာအောင် ရည်ရွယ်ပြီး ဝန်ကြီးချုပ် May က အချိန်စောကျင်းပဖို့ တိုက်တွန်းခဲ့ပြီးနောက် ဒီလဆန်းမှာပဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ်ရဲ့ ပါတီက လွှတ်တော်မှာ အများစုနေရာကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကြောင့် အစိုးရဖွဲ့နိုင်ဖို့ ဝန်ကြီးချုပ်က မဟာမိတ်တွေ ရှာခဲ့ရတာပါ။

ရွေးကောက်ပွဲ ရလဒ်ဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပေမဲ့ အစိုးရသစ်အနေနဲ့ တာဝန်တွေကို ကျေပြွန်အောင် ထမ်းဆောင် သွားဖို့နဲ့ လူထုအတွက် ဦးစားပေးပြီး၊ ယုံကြည်မှုတွေ ရအောင်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဘုရင်မကြီး မိန့်ခွန်းမပြောမီမှာပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ EU အဖွဲ့ဝင် အဖြစ်ကနေ ဗြိတိန်ထွက်မယ့် လုပ်ငန်းစဉ်တွေကိုတော့ ၂၀၁၉ ခုနှစ် မတ်လ နောက်ဆုံးထား စီစဉ်ရမှာဖြစ်ပြီး၊ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေလို ရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေး ပြောဆိုဖို့ ၂ နှစ်အချိန်ရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG