သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား ရှမ်းပြည်ရောက်


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဒုက္ခသည်များနှင့် တွေ့ဆုံနေသော မစ္စတာ ကင်တားနား။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဒုက္ခသည်များနှင့် တွေ့ဆုံနေသော မစ္စတာ ကင်တားနား။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃)
မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ၁၀ ရက်ကြာခရီး ရောက်ရှိနေ တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားဟာ ရခိုင်၊ ကချင်နဲ့ ချင်းပြည်နယ်ကို သွားရောက်ခဲ့ပြီးတော့ အခုတော့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ရောက်ရှိနေပါတယ်။ မစ္စတာ ကင်တားနားဟာ ဒီကနေ့မှာ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ မြို့တော် နမ့်ဆန်မြို့ကို သွားရောက်ပြီး ဒေသရဲ့ ဦးစီးအဖွဲ့၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်သူ များအသင်းနဲ့ လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။ အကြောင်းစုံကို ဗွီအိုအေ (မြန်မာပိုင်း) သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မနက်မှာတော့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ မြို့တော် နမ့်ဆမ်မြို့ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

နမ့်ဆမ်မြို့မှာတော့ မစ္စတာ ကင်တားနားဟာ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသ ဦးစီးအဖွဲ့နဲ့ တွေ့ဆုံပြီး၊ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေတွေ ကို မေးမြန်းခဲ့တယ်လို့ ဦးစီးအဖွဲ့ရဲ့ ဥက္ကဌ ဦးမောင်ကျော်က ပြောပါတယ်။

“အဓိကကတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ - ဘယ်သူကပေးသလဲ။ ဘယ်လိုဖွဲ့စည်းသလဲ။ ဦးစီးအဖွဲ့ထဲမှာ အမျိုးသမီး ပါသလား။ မပါသလား။ ရှမ်းပြည်နယ်ထဲမှာ ခင်ဗျားတို့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမျိုး ခင်ဗျားတို့ တခုတည်းပဲလား။ အဲ့ဒါမေးတယ်။ နောက်ပြီးတော့ သူက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်း ဘယ်နှစ်ဖွဲ့ရှိသလဲ။ အဲ့ဒီ TNLA တွေကို အပစ်အခတ်ရပ်စဲဖို့ အခြေအနေ
တရုတ်နယ်စပ်ထွက်ပြေးတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်များ
တရုတ်နယ်စပ်ထွက်ပြေးတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်များ
ရှိသလား။ မရှိဘူးလား။ တိုက်ပွဲဖြစ်ရင် တပ်မတော်က ရွာသားတွေကို ညှဉ်းပန်းနှိပ်စက်တယ်ဆိုတာ ဟုတ်သလား။ ခင်ဗျားတို့ဆီမှာ စစ်ရှောင် ဒုက္ခသည်တွေရှိသလား။ ဘယ်သူက ထောက်ပံ့သလဲ။ အဲ့ဒါပါပဲ မေးတဲ့မေးခွန်းကတော့။”

ဦးမောင်ကျော်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် လာရောက်တဲ့အပေါ်မှာ အားရကျေနပ်မှု ရှိတယ်လို့လည်း ပြောပါတယ်။

“ဟာ အားရကျေနပ်မှု ရှိပါတယ်။ သူမေးတဲ့ မေးခွန်းတွေကလည်း
မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေ၊ ကျနော်တို့ကလည်း ဖြေကြားတဲ့အခါမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ ဥစ္စာတွေကို ဖြေကြားပေးတာပေါ့။”

ဦးစီးအဖွဲ့နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ ပလောင် လက်ဖက်စိုက်ပျိုး ထုတ်လုပ်သူများအသင်း အမှုဆောင်အဖွဲ့၊ ပလောင်အမျိုးသမီးအဖွဲ့၊ ပလောင် လူငယ်အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး၊ နေ့ခင်း ၁ နာရီလောက်မှာ နမ့်ဆမ်မြို့ကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

မနေ့က လားရှိုးမြို့ကို ရောက်ရှိနေစဉ်မှာတော့ အုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို တိုင်းရင်းသား အသင်းအဖွဲ့တွေနဲ့ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လားရှိုးမြို့မှာ မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခဲ့တဲ့ တအာန်း (ခေါ်) ပလောင်အမျိုးသမီးအဖွဲ့က ပလောင်ဒေသက လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့တယ်လို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒီဒီပိုးကျိန်က ပြောပါတယ်။

“အဓိကကတော့ အစိုးရနဲ့ ပလောင် ဒီ တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကြားက စစ်ဖြစ်နေတဲ့အချိန်မှာ ပြည်သူပြည်သားတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရတဲ့အပိုင်းတွေ အများကြီး ရှိတယ်ပေါ့နော်။ ဥပမာဆိုလို့ရှိရင် သတ်ဖြတ်မှုဖြစ်တယ်ဆိုရင် မတရား စွပ်စွဲခံရပြီးမှ ဒီညှဉ်းပန်းနှိပ်စက်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ဟာတွေ တင်ပြကြတာပေါ့နော်။”

လားရှိုးမြို့မှာတော့ ကချင်၊ လားဟူ စတဲ့ တိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ဘာသာရေး အသင်းအဖွဲ့တွေကတော့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ မူဆလင် ဘာသာရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ မူဆလင် ဘာသာရေးအသင်း ဥက္ကဌ ဒေါက်တာ တင်အောင်ကတော့ မစ္စတာ ကင်တာနားနဲ့ တွေ့ဆုံချိန်မှာ မေလက ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့မှာ အဓိကရုဏ်း အခြေအနေတွေကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“ဒီမြို့က မပါဘူး။ အပြင်က လာလုပ်တယ်။ နောက် ဒီမြို့ခံတွေ မပါတဲ့အတွက် ၂ ရက်တည်းနဲ့ ငြိမ်းချမ်းသွားတယ်။ ပထမရက်မှာတော့ အာဏာပိုင်တွေက တာဝန်ယူမှုနဲ့ လုပ်ကိုင်မှု နည်းပါးတယ်။ နောက်ရက်မှာတော့ အားလုံး ဆရာတော်တွေရော၊ သံဃာတော်တွေရော ဝိုင်းပြီးတော့မှ ငြိမ်းချမ်းအောင် လုပ်တဲ့အတွက် အားလုံး ငြိမ်းချမ်းသွားတယ်။ ထိခိုက်တာကတော့
ကျောင်းတွေ၊ ဗလီတွေ၊ မူဆလင် အသိုင်းအဝိုင်းတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်း၊ အဲ့ဒါကိုတော့ ကျနော်တို့ ပြောဖြစ်တယ်ပေါ့။”

အဓိကရုဏ်းနဲ့ပတ်သက်ပြီး တရားခံတွေ ဖော်ထုတ်ပေးဖို့နဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ ရရှိဖို့အတွက် ကုလသမဂ္ဂ ကိုယ်စားလှယ်က ဆောင်ရွက်ပေးဖို့ လည်း တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

“ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက်အနေနဲ့ ကျနော်တို့ကတော့ အစိုးရကိုရော၊ နိုင်ငံတကာ အနေအထားမှာရော ပြောပြပေးနိုင်မယ်လို့ ယူဆတယ်လေ။ ဒီဖြစ်စဉ်မှာ လုပ်သွားတဲ့ အဖွဲ့အစည်းတွေက သီးသန့်ဖြစ်နေတယ်။ ဒီအဖွဲ့အစည်းတွေကို အစိုးရအနေနဲ့ ဖော်ထုတ်ပေးဖို့ လိုအပ်တယ်။ အဲ့ဒီ ဖော်ထုတ်ပေးမယ့်ကိစ္စက အခုထက်ထိ ဘာမှ မမြင်ရသေးဘူး။ အဲ့ဒီအတွက်ကို ကျနော်တို့ အဓိက တောင်းဆိုပါတယ်။
ဒုတိယတစ်ချက်ကတော့ ဘာသာရေး လွတ်လပ်ခွင့်ပေါ့။ ဘာသာရေး လွတ်လပ်ခွင့် ဆိုတာက လွတ်လပ်ခွင့် မရှိလို့လား ဆိုတော့ လွတ်လပ်ခွင့် ပေးထားပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာကျတော့ ကျနော်တို့တွေ ကျောင်းတွေ၊ ဗလီတွေ ပြင်ဆင်ခွင့်တွေ၊ တည်ဆောက်ခွင့်တွေ မရဘူး။ ဒါတွေကို ကျနော်တို့ တောင်းဆိုပါတယ်။”

မစ္စတာ ကင်တားနားဟာ ပြီးခဲ့တဲ့ရက်တွေက ချင်းပြည်နယ်ကို သွားရောက်စဉ်မှာ လူမှုအဖွဲ့အစည်းတွေနဲ့ အချိန်ပေး တွေ့ဆုံနိုင်တာမျိုး မရှိတဲ့အပေါ်မှာတော့ ဒေသခံတချို့က မကျေမနပ် ဖြစ်ခဲ့ကြကြောင်း ဗွီအိုအေကို ပြောဆိုကြပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီလ ၁၁ ရက်နေ့က မြန်မာပြည်ကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ ၁၀ ရက်ကြာခရီးစဉ်မှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း မိတ္ထီလာ၊ ရှမ်းပြည်နယ် လားရှိုးနဲ့ ချင်းပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်တွေ ပြီးဆုံးရင်တော့ နေပြည်တော်ကို သွားရောက်ပြီး အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း
တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ မစ္စတာ ကင်တားနားဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ထွက်ခွာဖို့ရှိနေပြီး မထွက်ခွာခင်မှာ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းက လူ့အခွင့်အရေးဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ပြန်ဖို့ ရှိနေပါတယ်။
XS
SM
MD
LG