မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပဖို့ရှိနေတဲ့ လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်မယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တောမတ်စ်အိုဟေးကင်တားနား (Tomas Ojae Quintana) က ပြောလိုက်ပါတယ်။ အရပ်သား အစိုးရအဖြစ် တက်လာစဉ်ကစလို့ အပြောင်းအလဲတွေ လုပ်ဆောင်လာတာ မှန်ပေမဲ့ တိုးတက်အောင် လုပ်ရမယ့် နေရာတွေ အများအပြား ရှိနေတာကိုလည်း တွေ့ရတယ်လို့ မနေ့က ၆ ရက်ကြာ ခရီးစဉ် အဆုံးသတ်ချိန်မှာ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေက မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ဘယ်လောက် တိုးတက်မှု ရှိနေပြီလဲဆိုတာကို စမ်းသပ်မှုတစ်ခု ဖြစ်မယ်လို့ သူယုံကြည်တဲ့အကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်တာပါ။ ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ အားလုံးပါဝင်ခွင့် မလွဲမသွေရှိဖို့ လိုမယ်လို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား က ပြောသွားပါတယ်။ မြန်မာအာဏာပိုင်တွေ ဘက်ကတော့ ရွေးကောက်ပွဲတွေ လွတ်လပ်ပွင့်လင်းမှု ရှိစေမယ့် အစီအမံတွေအတွက် ပြင်ဆင်နေတယ်လို့ သူ့ကိုပြောပြတဲ့အကြောင်း ရန်ကုန်လေဆိပ်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့တာပါ။
“ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာက စောင့်ကြည့် အကဲခတ်သူတွေကို ခွင့်ပြုရေးအတွက် စဉ်းစားနေတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကျနော့်ကိုပြောပါတယ်။”
တကယ်တော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကပါ မြန်မာနိုင်ငံ လွှတ်တော်တွင်းက လစ်လပ်သွားတဲ့ နေရာတွေအတွက် ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပမယ့် အစီအစဉ်မှာ လွတ်လပ်မျှတမှု ရှိစေရေး တိုက်တွန်းနေကြတာပါ။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးဖြစ်တဲ့ မိုက်ကယ်ပို့စ်နာ (Michael Posner) ကလည်း ရွေးကောက်ပွဲကို ပြည်တွင်း ပြည်ပက စောင့်ကြည့် အကဲခတ်သူတွေ ခွင့်ပြုဖို့ ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ တိုက်တွန်းစကား ပြောခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား ကတော့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က လွတ်လပ် မျှတမှု ရှိရပါစေ့မယ်လို့ ကတိကဝတ် ပြုထားပေမဲ့လည်း ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံနိုင်ဖို့ ဆိုတာဟာ မဲထည့်တဲ့ တစ်ရက်တည်းနဲ့ ဆုံးဖြတ်နိုင်တာမျိုး မဟုတ်ဘဲ ကျင်းပမယ့်နေ့အထိ ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တစ်ခုလုံးနဲ့ တိုင်းတာရမှာသာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။ ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပါ တွေ့ဆုံခဲ့တဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်က အစိုးရသစ် လက်ထက် ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြု ပြောဆိုခဲ့တာ ဖြစ်ပေမဲ့ တချိန်တည်းမှာပဲ စိုးရိမ်မကင်းစရာ အကြောင်းအရာ အများအပြား ရှိနေတုန်းပဲလို့လည်း သတိပေးခဲ့တာပါ။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ရာ ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေဟာ အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်တယ်လို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောသွားပါတယ်။
“ကျနော်ပြောခဲ့သလိုပါပဲ လက်ရှိလူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေက ကိစ္စတွေကို ဆွေးနွေးပါတယ်။ ဒီလို ချိုးဖောက်မှုတွေ ဆက်မဖြစ်ရအောင် တားဆီးဖို့ အစိုးရက ဆောင်ရွက်နေတဲ့ ကိစ္စတွေ အဖြစ်နဲ့ ကာကွယ်ရေးဝန်ကြီးက ကျနော့်ကို ပြောတာကတော့ ကျူးလွန်သူ တချို့ကို အရေးယူတာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း အချက်အလက်တော့ များများစားစား ပေးတာမျိုး မရှိပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတုန်းပဲလို့ သတင်းတွေ ကြားနေရတဲ့အပေါ် ဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိနေပါတယ်။”
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်း လိုက်တာလို ခြေလှမ်းတွေ လှမ်းလာပေမဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် မတွေ့ရဘူးလို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောသွားပါတယ်။ ဒီလိုပဲ တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေး ကဏ္ဍတွေမှာ အားနည်းချက် အများအပြား ရှိနေတုန်းပဲလို့ ထောက်ပြခဲ့တာပါ။
“တရားစီရင်ရေး စနစ်မှာ လွတ်လပ်မှု အားနည်းတယ် ဆိုတာကတော့ ရှင်းနေပါတယ်။ တရားသူကြီးချုပ်ဟာ သမ္မတက ခန့်အပ်ထားတာပါ။ ကျနော်ရထားတဲ့ သတင်းအချက်အလက်တွေ အရဆိုရင်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေကို တရားစီရင်မှုတွေမှာ မျှတမှု မရှိပါဘူး။”
အစိုးရသစ်အဖြစ် တက်လာပြီးနောက် တရားဥပဒေတွေကို ပြင်ဆင်တာတွေ၊ ပြန်လည်သုံးသပ်တာတွေ ရှိပေမဲ့လည်း နိုင်ငံတော် ကာကွယ်စောင့်ရှောက်ရေး၊ အီလက်ထရောနစ် နဲ့ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းတဲ့ ဥပဒေတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ အပေါ် အရေးယူတာမျိုးတွေ ရှိနေတုန်းပဲလို့လည်း ပြောသွားပါတယ်။ ဒီလို အခြေအနေတွေကို မြန်မာအစိုးရအနေနဲ့ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ ဥက္ကဋ္ဌအဖြစ် ရှေ့နှစ်ထဲ တာဝန်မယူမီမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုရှိအောင် လုပ်သွားဖို့ လိုမယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက (၅) ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် အဆုံးသတ်ချိန်မှာ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။