သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ သီးခြားလွတ်လပ်စွာ စုံစမ်းရေး ကင်တားနားတောင်းဆို


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ကနေ စုံစမ်းစစ်ဆေး ပေးနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား (Tomas Ojea Qintana) က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို အကဲခတ် ဆန်းစစ်ဖို့အတွက် မြန်မာနိုင်ငံကို တပတ်ကြာခရီး ရောက်ရှိနေချိန်မှာ မစ္စတာ ကင်တားနားက အခုလို ပန်ကြားလိုက်တာပါ။ ဒီအကြောင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဆူပူမှုတွေ တည်ငြိမ်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့တွေက အဆမတန် အင်အားသုံးခဲ့တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စိုးရိမ်တဲ့အကြောင်း မစ္စတာ ကင်တားနားက သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ် အဆုံးသတ်တဲ့နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးတာတွေ ချက်ချင်း မလုပ်နိုင်ဘူးဆိုရင် အမှန်အတိုင်း မဟုတ်ဘဲ တဘက်နဲ့တဘက် ချဲ့ကား စွပ်စွဲပြောဆိုတာတွေ ရှိနေတာကြောင့် ပြန်လည် သင့်မြတ်ရေးအတွက် အလားအလာ မကောင်းဘဲ ယုံကြည်မှု ကင်းမဲ့နိုင်သလို တင်းမာမှုတွေလည်း တိုးလာနိုင်တယ်လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို သီးခြား လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့ ဖွဲ့ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တခြား အဖွဲ့အစည်းတွေက တောင်းဆိုနေသလိုပဲ ကျနော်ကလည်း တောင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ အထောက်အကူ ပေးနိုင်ပါတယ်။”

မစ္စတာ ကင်တားနား ဟာ ဒီခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်အရေးတင်မကဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေ ရှေ့ရှုတဲ့နေရာမှာ လူ့အခွင့်အရေး တိုးတက်ဖို့က အခရာကျတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်နေတဲ့ ပြဿနာတွေ ဆက်ပြီး ရှိနေသေးပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့ လိုတယ် ဆိုတာကို ရခိုင်ပြည်နယ်က ပြဿနာတွေက သရုပ်ဖော် ပြသလိုက်တာပဲ ဖြစ်ပါတယ်။”

မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ၊ ရေနဲ့ မိလ္လာ တကိုယ်ရေ သန့်ရှင်းရေး စတာတွေအပေါ်မှာလည်း စိုးရိမ်တဲ့အကြောင်း အခုလို ပြောဆိုသွားပါတယ်။

“အကြမ်းဖက်မှုတွေကြောင့် အိုးအိမ် ဆုံးရှုံးရသူတွေနဲ့ အခြေအနေမဲ့ရသူတွေရဲ့ ဒုက္ခတွေကို ကျနော် ကိုယ်တိုင် တွေ့ခဲ့ရပါတယ်။ ဒုက္ခရောက်နေကြရတဲ့ နှစ်ဘက်စလုံးက လူထုကို စာနာကြောင်း အလေးအနက် ပြောကြားလိုပါတယ်။”

မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ဒုက္ခသည်တွေကို လစ်လျူရှုမထားဖို့လည်း အခုလို ပန်ကြားပါတယ်။

“နိုင်ငံတကာ ဥပဒေအရ မိမိရဲ့ နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ကိုယ့်ရဲ့ ပိုင်နက်ထဲမှာရှိတဲ့သူ အားလုံးရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဝတ္တရား ရှိတယ်ဆိုတာကို မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေတင်မကဘဲ ဒေသတွင်း နိုင်ငံတွေကပါ အသိအမှတ်ပြု လိုက်နာကြဖို့ ကျနော် တိုက်တွန်းပါတယ်။”

မစ္စတာ ကင်တားနားဟာ ဒီခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အစိုးရဝန်ကြီးအဖွဲ့ရဲ့ ရခိုင်ပြည်နယ်အရေး သတင်းစာရှင်းလင်းပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးနဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို ဆွေးနွေးခဲ့ပါသေးတယ်။

မစ္စတာ ကင်တားနားဟာ သောကြာနေ့က နေပြည်တော်ကို သွားရောက်ပြီး အစိုးရ ဝန်ကြီးတွေ၊ လွှတ်တော် ရေးရာ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး မနေ့က စနေနေ့ကတော့ ရန်ကုန်က မထွက်ခွာခင်မှာ နိုင်ငံတကာ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ မစ္စတာ ကင်တားနား အနေနဲ့ ဒီခရီးစဉ်အတွင်း မြန်မာ့လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်အပေါ် အကဲခတ် စမ်းစစ်ချက်တွေနဲ့ ပတ်သက်ပြီး ရှေ့လမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းဖို့ ရှိပါတယ်။
XS
SM
MD
LG