သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး ကင်တားနား ဝေဖန်


မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tomas Ojea Quintana
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tomas Ojea Quintana
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းကဆိုရင် ပိုပြီး ဆိုးရွားလာနေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။

နဂိုကတည်းက ယိုယွင်းနေတဲ့ အခြေအနေဟာ ဆက်ပြီး ဆိုးရွားလာနေတာလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စာမျက်နှာ ၂၂ မျက်နှာပါ အစီရင်ခံစာမှာ မစ္စတာ ကင်တားနားက ပြောထားတာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မကြာခင် ရက်ပိုင်းအတွင်း တင်သွင်းမယ့် မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာ မူကြမ်းကို မတ်လ ၁၂ ရက် နေ့စွဲနဲ့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မူဆလင်လူထုရဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်အပေါ် ခွဲခြားပြီး ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ ဆက်ရှိနေဆဲဖြစ်ပြီး အဲဒါဟာ အသက်ရှင် နေထိုင်ခွင့် အပါအဝင် တခြား လူ့အခွင့်အရေး ပေါင်းစုံအပေါ် ဆက်ပြီး သက်ရောက်နေတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောထားပါတယ်။

မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာဟာ အခြေအနေကို အတိအကျ ထင်ဟပ်ခြင်း မရှိတာကြောင့် ဖတ်သူတွေ အထင်အမြင် လွဲမှားစေတယ်လို့ မတ်လ ၁၂ ရက် နေ့စွဲနဲ့ပဲ မြန်မာအစိုးရဘက်က ကြိုတင်ထုတ်ပြန်တဲ့ တုံ့ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ကန့်သတ် မထားဘူးလို့လည်း မြန်မာ အစိုးရရဲ့ တုံ့ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ်၊ ဒုချီယားတန်းကျေးရွာမှာ ဖြစ်ခဲ့တဲ့ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုလုပ်ဖို့ မစ္စတာ ကင်တားနားက အကြံပေးထားပါတယ်။ မြန်မာအစိုးရကတော့ အဲဒီလို သီးခြား စုံစမ်းမှုမျိုးကို ပယ်ချပြီး ကော်မရှင်တခု ဖွဲ့စည်းပြီးတော့ စုံစမ်း စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အသက်ရှင်နေထိုင်မှု ပုံစံအမျိုးမျိုးအပေါ် စစ်ဘက်က ဆက်ပြီး လွှမ်းမိုးထားဆဲ ဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။ နိုင်ငံရဲ့ အဖွဲ့အစည်း အများစုမှာ စစ်ဘက်ဟာ အခွင့်ထူးခံ အခန်းကဏ္ဍ ရထားတုန်းပဲလို့လည်း ဆိုပါတယ်။

နိုင်ငံတော် အဖွဲ့အစည်းတွေဟာ အများအားဖြင့် တာဝန်ခံမှု မရှိသေးဘဲ တရားရေးကဏ္ဍဟာလည်း နိုင်ငံတော်ရဲ့ လွတ်လပ်တဲ့ မဏ္ဍိုင်တစ်ခု ဖြစ်မလာသေးဘူးလို့ သူ့အစီရင်ခံစာထဲမှာ မစ္စတာ ကင်တားနားက ပြောထားပါတယ်။ ဒါ့အပြင် တရားဥပဒေ စိုးမိုးရေး မြန်မာနိုင်ငံမှာ တည်ရှိနေပြီလို့ မပြောနိုင်သေးကြောင်း ဆိုထားပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ပြိုလွယ် ပျက်လွယ် အဆင့်မှာပဲ ဆက်ရှိနေသေးပြီး တိုင်းရင်းသား လူနည်းစုတွေဟာ ဖိနှိပ်မှုတွေကို ဆက်ပြီး ခံစားနေရတုန်းပဲလို့လည်း မစ္စတာ ကင်တားနားက ပြောထားပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ရင် အခြေအတင် အဖြစ်ဆုံး ပုဒ်မဖြစ်တဲ့ ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မခွဲတချို့ကို ပြင်ဆင်ဖို့လည်း မစ္စတာ ကင်တားနားက အကြံပေးထားပါတယ်။
XS
SM
MD
LG