သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး အစီရင်ခံစာအတွက် ကင်တားနား အချက်အလက် စုဆောင်း


လူ့အခွင့်အရေး အစီရင်ခံစာအတွက် ကင်တားနား အချက်အလက် စုဆောင်း
လူ့အခွင့်အရေး အစီရင်ခံစာအတွက် ကင်တားနား အချက်အလက် စုဆောင်း

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) မြန်မာ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံနေပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြသွားဖို့အတွက် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံတွင်းကို ဝင်ခွင့်မရသေးတဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး အချက်အလက်တွေကို စုဆောင်းနေတာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အထူးကိုယ်စားလှယ်ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အောက်တိုဘာလကျရင် တင်ပြသွားနိုင်ဖို့ အချက်အလက် ရှာဖွေတဲ့ အနေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုံ့ဆော်နေသူတွေနဲ့ အထူးကိုယ်စားလှယ် တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားဟာ တနင်္ဂနွေနေ့က စတင်ပြီး မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သီတင်းတပတ်ကြာ ခရီးစဉ်အဖြစ် ရောက်နေတာပါ။

“ကျနော့်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အခြေအနေ တခုလုံးကို သိရအောင် ဆောင်ရွက်နေပါတယ်။ ဒီအထဲမှာ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတာတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ကိစ္စတွေ ပါဝင်မှာ ဖြစ်သလိုပဲ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ တခြားမေးခွန်းတွေလည်း ပါမှာပါ။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခြေအနေလို ကိစ္စမျိုးတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။”

ခရီးစဉ်အတွင်း မြန်မာနိုင်ငံတဝန်း ထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ တိုင်းရင်းသား ဒေသတွေက ပဋိပက္ခတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိစ္စတွေကအစ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့် ထိခိုက်နစ်နာမှုတွေ ရှိနေရတဲ့ အခြေအနေတွေကို စုံစမ်းပြီး အချက်အလက်တွေ စုဆောင်းသွားဖို့လည်း မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာတုန်းက မြန်မာနိုင်ငံကို နောက်ဆုံး သွားရောက်ခဲ့တဲ့ အထူးကိုယ်စားလှယ် အနေနဲ့ နောက်ထပ် အချက်အလက် စုဆောင်းဖို့ မြန်မာနိုင်ငံတွင်း သွားရောက်ခွင့် မရဘဲ ဖြစ်နေချိန်မှာ အခုလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လေ့လာစုံစမ်းမှုတွေ လုပ်ဆောင်နေတာပါ။ မြန်မာနိုင်ငံကို နောက်တကြိမ် ဝင်ခွင့်ရဖို့ ခွင့်ပြုချက် တောင်းထားပေမဲ့ မြန်မာအာဏာပိုင်တွေက အခုအချိန်အထိ လက်မခံ ငြင်းဆန်နေဆဲ ဖြစ်တယ်လို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။

“ဒီခရီးစဉ်အတွက် လောလောဆယ် မအားသေးပါဘူးလို့ အစိုးရဘက်က တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကျနော့်ရဲ့ နောက်ထပ် ခရီးစဉ်အတွက် ထပ်ပြီး ခွင့်ပြုချက် တင်သွားမှာဖြစ်ပြီး အစိုးရကလည်း ဒါကို လက်ခံမယ်လို့ မျှော်လင့်ပါတယ်။”

အထူးကိုယ်စားလှယ် ကင်တားနားဟာဆိုရင် မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အဆင့်အထိ ရောက်နေပြီလား ဆိုတာ ကုလသမဂ္ဂကနေ ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းသွားဖို့ တိုက်တွန်းနေသူ တဦးလည်း ဖြစ်ပါတယ်။ ဒီနှစ်ဆန်းပိုင်းကပဲ တရားဝင် ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကြောင်း ပြသဖို့ ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပက ဖိအားပေး တောင်းဆိုမှုတွေ ရှိနေချိန်မှာပဲ နိုင်ငံရေး အကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား ၁၅,၀၀၀ လောက်ကို လွှတ်ပေးခဲ့တာပါ။

ဒါပေမဲ့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်ကတော့ နိုင်ငံရေး အကျဉ်းသား ၄၇ ယောက်ထက် မနည်း လွတ်မြောက်လာတာဟာ ကြိုဆိုစရာ ဖြစ်ပေမဲ့ ဖမ်းဆီးထားတဲ့ အရေအတွက်နဲ့စာရင် မပြောပလောက်တဲ့ ပမာဏ ဖြစ်နေဆဲပဲလို့ ပြောပါတယ်။

“ဒီ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ လုံလောက်မှု မရှိသလို စိတ်ပျက်စရာလည်း ကောင်းပါတယ်။ ဒီ နိုင်ငံရေး အကျဉ်းသား အနည်းအကျဉ်းလောက်ဟာ တိုင်းပြည်မှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိနေတာကို ရောင်ပြန်ထင်ဟပ် ပြသမနေပါဘူး။ ဒီလိုပဲ အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေ စတင်ဖို့အတွက် စစ်မှန်တဲ့ ဆန္ဒမရှိဘူး ဆိုတာကိုလည်း ပြသရာ ရောက်နေပါတယ်။”

ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ကြာသပတေးနေ့မှာတော့ အထူးကိုယ်စားလှယ်ဟာ ပြည်ပအခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ အပါအဝင် တက်ကြွ လှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံသွားဦးမှာပါ။ ခရီးစဉ် အဆုံးမသတ်မီ သောကြာနေ့မှာတော့ သူ စုဆောင်းရရှိတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ပြောပါတယ်။

XS
SM
MD
LG