မြန်မာအစိုးရက အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုတဲ့ သဘောလည်း မတွေ့ရဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ မစ္စတာ ကင်တားနားရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီး မြန်မာအစိုးရသစ်က အကျဉ်းသူ၊ အကျဉ်းသား ၁၄,၀၀၀ ကျော်ကို မေလ ၁၇ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တဲ့ အထဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့သူတွေ ၅၀ လောက်ပဲ ပါဝင်တာကို ဘဝင်မကျနိုင်ဘဲ ဖြစ်နေသူတွေ အထဲမှာ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားလည်း ပါဝင်ပါတယ်။ အခု ပြန်လွှတ်ပေးလိုက်တာက မြန်မာအစိုးရ ပြောသလို လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
“အခု ပြန်လွှတ်ပေးတာဟာ ပြည့်စုံလုံလောက်မှု မရှိဘူးလို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေက ထောင်တွေ တော်တော်များများမှာ ကျန်နေပါသေးတယ်။ အခု ပြန်လွှတ်ပေးတယ် ဆိုတာက လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး။ လျှော့ပေါ့ပေးတာက တနှစ်တည်းပါ။ မြန်မာအစိုးရက အခုလို ဆုံးဖြတ်ချက်ဟာ စိတ်ပျက်ဖို့လည်း ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လိုလားတဲ့သဘော၊ ရှေ့ရှုတဲ့ သဘောတွေ မပါဝင်လို့ပါပဲ။” လို့ ပြောသွားခဲ့တာပါ။
“လွှတ်တော်သာလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးရမယ့် နေရာလို့ မြန်မာအစိုးရက ပြောထားပေမဲ့လည်း ဒီလွှတ်တော်တခုတည်းနဲ့တင် ဆွေးနွေးဖို့က မလုံလောက်ပါဘူး။” လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။
မစ္စတာ ကင်တားနားဟာ အခု မေလ ၁၆ ရက်နေ့ကစပြီး ထိုင်းနိုင်ငံအတွင်းက မြန်မာ့အရေး လှုပ်ရှားတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အမှုထမ်းတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အချိန်တပတ်ကျော်ကြာ အချက်အလက်တွေ ရှာဖွေ စုံစမ်းခဲ့တာပါ။ ဒီခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့နဲ့လည်း သူတွေ့ဆုံခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းကတဆင့် စကားပြောဆိုခဲ့ပါတယ်။
“ဒီခရီးစဉ်ကနေ ရတဲ့ အချက်အလက်တွေကတော့ နယ်စပ်မှာရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခြေအနေတွေဟာ မြန်မာအစိုးရက ဒီမိုကရေစီ ကူးပြောင်းရေးကို ဖော်ဆောင်မယ်လို့ ကတိတွေ ပေးထားပေမဲ့လည်း စိုးရိမ်ဖို့ ကောင်းလောက်အောင် အကြမ်းဖက်မှုတွေက ဆက်ပြီး ဖြစ်နေတာ တွေ့ရတယ်။ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာတွေ၊ မြေယာတွေကို အတင်းသိမ်းပိုက်တာတွေ၊ အဓမ္မ လုပ်အားပေးခိုင်းတာ၊ ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတွေ၊ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ဒီကနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာကို တွေ့ရပါတယ်။ အာဏာပိုင်တွေကလည်း ဒီကျူးလွန်မှုတွေကို ဟန့်တားနိုင်ဖို့ အရေးယူ ဆောင်ရွက်တာတွေကို မတွေ့ရပါဘူး။” လို့ ဆိုပါတယ်။
“မြန်မာပြည်ဟာ တရားဥပဒေ စိုးမိုးမှု ခိုင်ခိုင်မာမာရှိဖို့ လိုအပ်နေပါတယ်။ အခြေခံ အဆောက်အဦးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဒေသခံတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ဒီလုပ်ငန်းတွေက ရလာတဲ့ ဝင်ငွေတွေကို ဒေသဖွံ့ဖြိုးရေးအတွက် ပြန်ပြီး အသုံးပြုသင့်ပါတယ်။ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို အာမခံမှု ရှိနိုင်ရပါလိမ့်မယ်။” လို့ ပြောသွားခဲ့တာပါ။
မြန်မာပြည်တွင်းက လူ့အခွင့်အရေးဆိုင်ရာ ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ အရေးကိုလည်း မစ္စတာ ကင်တားနားက တိုက်တွန်းထားတာပါ။ ဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူတယ်လို့ မစ္စတာ ကင်တားနားက ဆိုပါတယ်။
မစ္စတာ ကင်တားနားရဲ့ အခု ထိုင်းနိုင်ငံ ခရီးစဉ်ကနေ ရလာတဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အချက်အလက်တွေကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီနှစ်ကုန်ရင် တင်သွင်းသွားမှာပါ။ ဒီလို တင်သွင်းနိုင်ရေး အချက်အလက် ပြည့်စုံအောင် မြန်မာပြည်တွင်းကို သူကိုယ်တိုင်သွားဖို့ ပြည်ဝင်ခွင့်ဗီဇာ တောင်းထားပေမဲ့လည်း အခုထိ မရနိုင်သေးဘဲ ဖြစ်နေပါတယ်။ သူ့ဘက်ကတော့ သွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက မြန်မာပြည်ကို နောက်ဆုံးအကြိမ် သူ ရောက်ခဲ့တာပါ။ မြန်မာပြည်မှာ စစ်အစိုးရကနေ အရပ်သား အစိုးရသစ် ပြောင်းခဲ့ပြီး နောက်ပိုင်း မစ္စတာ ကင်တားနား မြန်မာပြည်ကို တခါမှ လာခွင့်မရသေးပါဘူး။