သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား ချင်းဘာသာရေး ခေါင်းဆောင်တွေနဲ့ ဆွေးနွေး


ချင်းပြည်နယ်တောင်ပိုင်းကို ၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့မှာ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်အချို့နဲ့ အဓိက တွေ့ဆုံပြီး ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။ ဒီလို လာရောက်စဉ်မှာ ဒေသခံ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို တွေ့ဆုံတာကြောင့် ဒေသခံတွေက စိတ်မကောင်းဖြစ်ရကြောင်း ပြောပါတယ်။ မစ္စတာ ကင်တားနားရဲ့ ချင်းပြည်နယ်ခရီးစဉ် သတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မစ္စတာ ကင်တားနားဟာ မနေ့က ချင်းပြည်နယ် မင်းတပ်မြို့ကို ရောက်ရှိပြီး ဒီနေ့ မနက် အစောပိုင်းမှာတော့ မင်းတပ်ကနေ ကန်ပက်လက်မြို့ ကို သွားရောက် ခဲ့ပါတယ်။ ကန်ပက်လက်မြို့ကို ရောက်ရှိစဉ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ရုံးမှာ မျိုးနွယ်စု ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့သလို နောက်ပိုင်းမှာတော့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ကန်ပက်လက်မြို့သား ကိုထန်းမနားက ပြောပါတယ်။

“မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာရောက်တယ်ခင်ဗျ။ မျိုးနွယ်စု ကိုယ်စားလှယ်တွေ မြို့မိမြို့ဖတွေ ၅ ယောက်နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင် တို့နဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ ၅ မိနစ်လောက် တွေ့ဆုံပွဲ လုပ်သွားတယ်ဗျ။ အဲဒီမှာက မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ အဲဒါတွေ လာတဲ့အကြောင်းရင်းကိုပဲ နည်းနည်းရှင်းပြတယ်လို့ ပြောပါတယ်။ ပြီးတော့ အဲဒီကနေ အသင်းတော် ဘုရားရှိခိုးကျောင်းကိုလည်း သွားသေးတယ်။ ဆရာတော် အပါး ၂၀ လောက်နဲ့ တွေ့တယ်ထင်တယ်။ ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်မှာ ဘာသာရေး လွတ်လပ်ခွင့်တွေ၊ လူ့အခွင့်အရေးတွေ ဘယ်လို ဆိုတဲ့ဟာတွေ၊ လွတ်လပ်မှု ရှိသလား အဲဒါတွေပဲ မေးမြန်းမှုလုပ်သွားတယ်ခင်ဗျ။”

မစ္စတာကင်တားနားအနေနဲ့ ဒေသခံတွေကို အချိန်ပေးတွေ့ဆုံနိုင်ခြင်း မရှိတဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်ရတယ်လို့ ကိုထန်းမနားက ဆက်ပြောပါတယ်။

“ကျနော်ကတော့ အများကြီး ကျေးဇူးတင်ပါတယ်။ ကျနော်တို့ လူ့အခွင့်အရေး ကိုယ်စားလှယ်တော်ကြီး ချင်းပြည်နယ်တောင်ပိုင်းကို ဒီလိုမျိုး လာရောက်နိုင်တာ အင်မတန်မှ ဝမ်းသာပါတယ်။ ဒါပေမဲ့ တခုလေး ကျနော် ပြောချင်တာကတော့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် ရောက်လာချိန်မှာ တကယ့် ဒီက လူမှုအဖွဲ့အစည်းတွေနဲ့ ဆုံတွေ့ပြီးမှ၊ တွေ့ဆုံမေးမြန်းမှုတွေ မရခဲ့တာကို ကျနော်တို့ ဝမ်းနည်းပါတယ်။”

မနေ့ကတော့ မစ္စတာ ကင်တားနားဟာ မင်းတပ်မြို့ကို နေ့ခင်း ၂ နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ်။ မင်းတပ်မြို့မှာတော့ ပြည်နယ် အစိုးရဝန်ကြီးတွေ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့သလို မြို့မိမြို့ဖတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ မင်းတပ်မြို့က ချိုချင်း လူငယ်အဖွဲ့ခေါင်းဆောင် ကိုရှယ်အောင် က ပြောပါတယ်။
ည ၈ နာရီလောက်မှာတော့ မင်းတပ်မြို့ မြို့မ နှစ်ချင်းဘုရားကျောင်း မှာ ဒေသခံပြည်သူအချို့၊ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင် အချို့နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ကိုရှယ်အောင်က အခုလို ပြောပါတယ်။

“ဘုရားကျောင်းကို သူတို့က ည ၈ နာရီနီးပါးလောက်မှာ ရောက်လာ တယ်။ ရောက်လာတော့ ဘုရားကျောင်းက ဆရာတော် သုံးဦးကပဲ အကျယ်တဝံ့ တင်ပြခွင့် ရခဲ့တယ်ပေါ့။”

မစ္စတာကင်တာနားနဲ့ တွေ့ဆုံဖို့သွားရောက်ခဲ့တဲ့ ချိုချင်း လူငယ်အဖွဲ့ဝင်တွေ နဲ့ ဒေသခံတချို့ဟာ သူတို့ဒေသတွင်းက လူ့အခွင့်အရေး အခြေအနေတွေ ကို ဆွေးနွေးချင်ပေမဲ့၊ အချိန်မရတာကြောင့် တင်ပြခွင့် ကောင်းကောင်းမရခဲ့ဘူး လို့လည်း ကိုရှယ်အောင်က ဆက်ပြောပါတယ်။

“ဘုရားကျောင်း ဆရာတော်သုံးပါးလည်း ပြီးသွားပြီ ဆိုတော့ ကျနော်တို့ ထပြီးတော့ပြောတဲ့အခါ ကျတော့ သူတို့က တိုတိုတုတ်တုတ်ပဲ လုပ်ကြပါ။ ကျနော်တို့ အရမ်း ပင်ပန်းနေလို့ပါလို့ ပြောနေတော့ ကျနော်တို့ဘက်က ကျယ်ကျယ်ပြန့်ပြန့်တောင် မတင်ပြခဲ့လိုက်ရဘူး။ ဆိုတော့ အခု သူ ကုလသမဂ္ဂကို သွားမယ့်ဟာကတော့ ဘယ်လိုမှ ပြည့်စုံနိုင်တဲ့ဟာ လုံး၀ မဖြစ်နိုင်ဘူးလေ။ ကုလသမဂ္ဂကို အစီရင်ခံမယ့် သူ့ရဲ့ အစီရင်ခံစာဟာ ကျနော်တို့ လူထုတွေရဲ့ အခွင့်အရေးတွေကို ထဲထဲဝင်ဝင် သူ ကြားသွားရတာတွေလည်း မဖြစ်နိုင်ဘူး။ ကျနော်တို့ရဲ့ အသံတွေကိုလည်း သေချာ နားမထောင် သွားလိုက်ရတော့ သူရေးတဲ့ အစီရင်ခံစာကလည်း ပြည့်စုံနိုင်မှာ မဟုတ်ဘူးလို့ပဲ ကျနော်တို့ကတော့ မြင်ပါတယ်။ အဲဒီလိုပဲ နားလည်တယ်။”

မနေ့က တွေ့ဆုံပွဲမှာတော့ သူတို့လူငယ်အဖွဲ့ မှတ်ပုံတင်ရာမှာ ကြန့်ကြာနေတာနဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် မပြုတာတွေကို တင်ပြ ဆွေးနွေးခဲ့တယ်။ နောက် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်က ဒေသခံတွေ သဘောမတူ တဲ့ မြွေတောင်၊ ဖားတောင် သတ္ထုတူးဖော်ရေး စီမံကိန်းနဲ့ ပတ်သက်တဲ့ စာတမ်းတွေကို ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး ဦးနေနိုင်း ကတော့ ကင်တားနားနဲ့ အဖွဲ့ကို သူတို့ တွေ့ချင်သူတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့က ဒီလိုဗျ။ တွေ့ဆုံမှုက မြို့မိမြို့ဖ နဲ့ ဒေသအာဏာပိုင်တွေနဲ့ ကျနော်တို့ ကင်တားနား လူ့အခွင့်အရေးအဖွဲ့နဲ့ တွေ့တယ်။ အဲဒီလို တွေ့ပြီး တဲ့နောက်ပိုင်းမှာ ကျနော်တို့က သူတို့ကို တွေ့ချင်တဲ့သူတွေနဲ့ တွေ့ရအောင် ဒီအတိုင်းပဲ တွေ့ဆုံပေးပြီးတော့ ကျနော်တို့က ကျနော်တို့ဖာသာ ကျနော်တို့ပဲ သက်သက်နေလိုက်တော့တာ။ ရှောင်ပေးလိုက်တော့တာ။”

မစ္စတာကင်တားနားနဲ့ အဖွဲ့ဟာ ဒီကနေ့ နေ့ခင်း ၁ နာရီခွဲလောက်မှာ ချင်းပြည်နယ် ကန်ပက်လက်မြို့ ကနေ မကွေးတိုင်း လောင်းရှည်မြို့ ဘက်ကို ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

နောက်ရက်တွေမှာတော့ မစ္စတာကင်တားနားနဲ့ အဖွဲ့ဟာ ရှမ်းပြည်နယ် လားရှိုး၊ တောင်ကြီးမြို့တွေနဲ့ မန္တလေးတိုင်းက မိတ္ထီလာမြို့တွေကို သွားရောက်ဖို့ ရှိနေပါတယ်။ ချင်းပြည်နယ်ခရီးစဉ် မတိုင်ခင်ကေတာ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို သွားရောက်ခဲ့ပါတယ်။

မစ္စတာကင်တားနားဟာ ဒီလ ၂၁ ရက်နေ့မှာ မြန်မာပြည်က ပြန်လည် ထွက်ခွာမှာဖြစ်ပြီး မပြန်ခင်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG