သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဆက်လက်ဖမ်းဆီးမှုတွေ ရှိနေတဲ့အပေါ် ကင်တားနားစိုးရိမ်


Tomas Ojea Quintana
Tomas Ojea Quintana
နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို မြန်မာသမ္မတ ဦးသိန်းစိန်က ပြန်လွှတ်ပေး လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တာနား (Mr. Thomas Ojae Quintana) ကကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ဆက်ရှိနေသေးတဲ့အတွက် စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရတာအတွက် သူ့အနေနဲ့ စိုးရိမ်မကင်းဖြစ်ပြီး၊ သြဂုတ်လအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ့် အစီအစဉ်အတွင်း အာဏာပိုင်တွေနဲ့ ဆွေးနွေးမယ်လို့လည်း မစ္စတာ ကင်တားနား ကဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်လှလှသန်း ကတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တာနား ဟာ မြန်မာသမ္မတ ဦးသိန်းစိန် က သူ့ရဲ့မကြာမီက ဥရောပ ခရီးစဉ်အတွင်း ကတိပေးခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျနေသူတွေ ဒီနှစ်ကုန်မှာ မရှိစေရဘူးဆိုတဲ့ ပြောဆိုချက်အတိုင်း ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို ပြန်လွှတ်ပေးတဲ့အပေါ် ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသား ၁၀၀ နီးပါး ဆက်လက် ကျန်ရှိနေသေးတဲ့ အတွက်လည်း အားလုံးကို ပြန်လွှတ်ပေးဖို့ သူကတောင်းဆိုလိုက်ပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံးကို ပြန်လွှတ်ပေးသင့်ပါတယ်။ ဘာကြောင့် တချို့နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတယ် ဆိုတာကို ကျနော် နားမလည်နိုင်ပါဘူး။ ဒါဟာ ကျနော် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး မှူး ဖြစ်လာကတည်းက မြန်မာအစိုးရကို တောင်းဆို လာခဲ့တာပါ။ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေတဲ့ အပေါ်မှာလည်း စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း မစ္စတာ ကင်တာနား ကပြောပါတယ်။

“အခု အရပ်သား အစိုးရလက်ထက်မှာ အစိုးရရဲ့ ပေါ်လစီတွေနဲ့ အမြင်ချင်းမတူတဲ့သူတွေကို ပြန်ပြီးဖမ်းနေတာ တွေ့ရပါတယ်။ အထူးသဖြင့် သဘာ၀ သယံဇာတ တူးဖော်မှု၊ ရေကာတာတည်ဆောက်မှု၊ လယ်ယာမြေသိမ်းဆည်းမှု၊ တခြားမိရိုးဖလာ လုပ်ကိုင်မှုတွေအပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကိုလည်း ဖမ်းဆီးနေတာ တွေ့ရပါတယ်။”

အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီရဲ့ ကချင်ပြည်နယ်ဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ဘောက်ဂျာ ကို ဇူလိုင်လ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း သူသြဂုတ်လ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ မြန်မာအာဏာပိုင်တွေနဲ့ သူ့ရဲ့စိုးရိမ်မကင်း ဖြစ်မှုကို ထုတ်ဖော် ပြောကြားမယ်လို့လည်း မစ္စတာ ကင်တာနား ကပြောပါတယ်။

“ကျနော့်အနေနဲ့ ဒေါ်ဘောက်ဂျာ ကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ သူဖမ်းဆီးခံရတဲ့အကြောင်း ကျနော်ဖတ်ရပါတယ်။ သူ့ရဲ့အမှုကို တရားရေးရာအရ ဆုံးဖြတ်မယ်ဆိုတာလည်း သိပါတယ်။ အစိုးရအနေနဲ့ ဒီနေရာမှာ စေတနာရင်းမှန်ဖို့ လိုပါတယ်။ တဘက်မှာ နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို လွှတ်ပေးပေမဲ့ တဘက်မှာ ပြန်ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့သူတွေကို အကူအညီပေးနေတဲ့သူ၊ တကယ်ဆို အစိုးရလုပ်ရမယ့် တာဝန်ကို သူကဝင်ရောက် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ကျနော် သြဂုတ်လ မြန်မာပြည် သွားတဲ့အခါ ဒေါ်ဘောက်ဂျာ ကိစ္စကို ထည့်သွင်းပြီး အာဏာပိုင်တွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

ဒေါ်ဘောက်ဂျာကို ၂၀၀၉ ခုနှစ်က ကျေးရွာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုနဲ့စွပ်စွဲပြီး ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ သူ့ကို လူသေမှုနဲ့ ပုဒ်မ ၃၀၄ (က) အပြင်၊ ဆေးထိုးအပ် ကိုင်တဲ့အမှုနဲ့ ပုဒ်မ ၃၃ အပြင်၊ မြန်မာနိုင်ငံ ဆေးဝါးအက်ဥပဒေ ပုဒ်မ ၄၁ စသဖြင့် ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးထားတာဖြစ်ပြီး ဒေါ်ဘောက်ဂျာဟာ လောလောဆယ်မှာ ဆက်သွယ်မှု ခက်ခဲတဲ့ ဖားကန့်မှာ ထိန်းသိမ်းခြင်း ခံထားရတယ်လို့ သိရပါတယ်။

မစ္စတာ ကင်တာနား က မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင် ရာမှာ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု စတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး၊ ဥပဒေတွေကို ပြင်ဆင်ရာ မှာ မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ဟာလည်း သီးခြားရပ်တည်ဖို့ အရေးကြီးတယ် လို့လည်း သူကပြောပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒပြခွင့် စသဖြင့်ဟာ လူ့အခွင့်အရေး ပဋိဉာဏ် စာတမ်းကြီးမှာ သိပ်ကိုအရေးကြီးတဲ့ အခွင့်အရေးတရပ် ဖြစ်ပါတယ်။ ဒါကို မြန်မာအစိုးရက လေးစားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဆန္ဒပြသူတွေကို ဒေသခံအာဏာပိုင်တွေ၊ ရဲနဲ့တရားရုံးတွေက တုန့်ပြန် အရေးယူတာတွေကို နိုင်ငံတော် အစိုးရက လေးလေးနက်နက် စုံစမ်းစစ်ဆေးသင့်ပါတယ်။ ဒီလိုဆန္ဒပြသူတွေကို ဖမ်းဆီးမှုတွေ တွေ့နေရပါတယ်။ ဒါဟာ နိုင်ငံရေးအရ လှုံ့ဆော်မှု အကြောင်းတရားတွေ ပါနေလို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အစိုးရက စုံစမ်းစစ်ဆေး ပေးသင့်ပါတယ်။ ဒီအကြောင်း ကျနော်မကြာမီ သြဂုတ်လကျ မြန်မာနိုင်ငံ သွားတဲ့အခါမှာ ဆွေးနွေးဖို့ ရှိပါတယ်။”

၂၀၀၈ ခု၊ မေလကစပြီး လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ မစ္စတာ ကင်တာနား ဟာ ဒီနှစ်အတွင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် သြဂုတ်လ ခရီးစဉ်ဟာ ဒုတိယမြောက် မြန်မာနိုင်ငံကို ဒီနှစ်အတွင်း သွားရောက် တဲ့ ခရီးစဉ်လည်း ဖြစ်မှာပါ။
XS
SM
MD
LG