သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာ ကင်တားနား မြန်မာနိုင်ငံ လူ့အခွင့်အရေး နောက်ဆုံးအခြေအနေ ဒေါ်စုနဲ့ ဆွေးနွေး


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ တွေ့ဆုံစဉ်။ သြဂုတ် ၂၄၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ တွေ့ဆုံစဉ်။ သြဂုတ် ၂၄၊ ၂၀၁၁။

မြန်မာနိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr Tomas Ojea Quintana) ဟာ ဒီနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့အတူ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မစ္စတာ ကင်တားနားဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အပြင် NLD ပါတီရဲ့ ရှေ့နေအဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပြီး မနက်ပိုင်းမှာတော့ အင်းစိန် အကျဉ်းထောင်တွင်း သွားရောက် လေ့လာခဲ့ပါတယ်။ မစ္စတာ ကင်တားနားရဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမှုတွေအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတာ ၄ ရက်မြောက်ဖြစ်တဲ့ မစ္စတာ ကင်တားနားဟာ ဒီကနေ့ သြဂုတ်လ ၂၄ ရက် ဗုဒ္ဓဟူးနေ့ နေ့လယ် ၃ နာရီက ရန်ကုန်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၁ နာရီနီးပါးကြာ မစ္စတာ ကင်တားနားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးတည်း သီးသန့်တွေ့ဆုံပါတယ်။ အဲဒီ တွေ့ဆုံမှုတွေအတွင်း လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ မစ္စတာ ကင်တားနား ထပ်မံတွေ့ဆုံသလို NLD ပါတီရဲ့ ဥပဒေရေးရာ အဖွဲ့နဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိပါတယ်လို့ NLD ပါတီရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“အဓိကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေပါပဲ၊ အဲဒါကို ဆွေးနွေးကြပါတယ်။ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးစွာ ဆွေးနွေးပါတယ်၊ ၂ ယောက်တည်းပါ။ နောက်တော့ မစ္စတာ ကင်တားနားနဲ့ ပါလာတဲ့ အဖွဲ့ဝင် ၄ ယောက်ရော၊ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၈ ယောက်ရော အားလုံး အတူတကွ ထပ်ပြီး ဆွေးနွေးကြပါတယ်။

“၄ နာရီကနေ ၄ နာရီခွဲလောက်အထိ ဥပဒေ အထောက်အကူပြုအဖွဲ့ ခေါင်းဆောင်များဖြစ်တဲ့ ဆရာ ဦးကြည်ဝင်းနဲ့ ဆရာ ဦးဉာဏ်ဝင်းတို့ အပါအဝင် ဥပဒေအဖွဲ့နဲ့လည်း ထပ်ပြီး ခဏတွေ့ပါတယ်။ ဒါပေမဲ့ အဲဒါကတော့ ဆွေးနွေးပွဲကို နောက်ထပ် ထပ်ပြီး တွေ့ကြဖို့ သူတို့ ချိန်းပါတယ်။”

၂ နာရီနီးပါးကြာ ဒီတွေ့ဆုံမှုတွေအတွင်း သူနဲ့ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း တွေ့ဆုံမှုတွေထဲက နိုင်ငံရေး အကျဉ်းသားကိစ္စ အပါအဝင် လူ့အခွင့်အရေး အခြေအနေတွေအတွက် ဘယ်လို အကြံပေး ပြောဆိုခဲ့သလဲ ဆိုတာတွေနဲ့အတူ သူ့ရဲ့ ဒီတခေါက် မြန်မာနိုင်ငံ ခရီးစဉ် အတွင်းကနေ အကျိုးရလဒ်တွေ ရရှိခဲ့တယ် ဆိုတာကို မစ္စတာ ကင်တားနားက မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

“တရားဥပဒေ စိုးမိုးရေးကိစ္စ၊ ဥပဒေ တိုးတက်မှုကိစ္စ သူတတ်နိုင်သလောက် အကြံဉာဏ် ပေးနိုင်ခဲ့တယ်၊ သူတတ်နိုင်သလောက် အစိုးရအဖွဲ့ကို တင်ပြ ဆွေးနွေးနိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့လည်း သူ့ဘက်က ဆွေးနွေးသင့်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောသွားပါတယ်။”

NLD ပါတီရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီနေ့ နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင် မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီခွဲကျော်ထိ အင်းစိန်ထောင်ထဲကို သွားရောက်ခဲ့ပါတယ်။ သူ တွေ့ခွင့်ရဖို့ တောင်းဆိုထားတဲ့ နိုင်ငံရေး အကျဉ်းသား ၇ ဦးနဲ့ တွေ့ဆုံပြီး ထောင်တွင်းက အခြေအနေတွေ မေးမြန်းပြောဆိုခွင့် ရခဲ့သလို အင်းစိန်ထောင်ထဲက နေရာတချို့ကိုလည်း သွားရောက် လေ့လာခဲ့တယ်လို့ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်အတွင်း အတူလိုက်ပါခဲ့သူ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့ အင်းစိန်ထောင်သွားတော့ မစ္စတာ ကင်တားနားက ဦးအောင်သိန်းရယ်၊ ဒေါက်တာ တင်မင်းထွဋ်ရယ်၊ မခင်ခင်နု၊ ကိုဖြိုးဝေအောင်၊ ကိုဝင်းကျော်နိုင်၊ ကိုစည်သူဇေယျ၊ ကိုညီညီထွန်းတို့နဲ့ တွေ့ခဲ့ပါတယ်။ တခြား အကျဉ်းသားတွေ တွေ့ဖို့ဆိုတာ အချိန် တော်တော်လေး နည်းနေတဲ့အတွက် အစုံတော့ မတွေ့နိုင်ခဲ့ပါဘူး။ လောလောဆယ်တော့ ကင်တားနား တောင်းဆိုထားတဲ့ စာရင်းအရ အကုန်လုံး ပေးတွေ့ပါတယ်။ နောက်တခါ အကျဉ်းထောင်ထဲမှာ နည်းနည်းပါးပါး လှည့်ပတ် ကြည့်ပါတယ်။ အကျဉ်းထောင်ထဲမှာ ရှိတဲ့ တရားစခန်း ဖွင့်တဲ့နေရာ၊ HIV ဝေဒနာရှင်တွေကို ကုသတဲ့ နေရာပေါ့၊ အဲဒီနေရာတွေကို ကြည့်ခဲ့ပါတယ်။”

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ဒီကနေ့ အင်းစိန်ထောင်ထဲ မစ္စတာ ကင်တားနား သွားခဲ့တဲ့အကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မနက်ဖြန် ရန်ကုန်ကနေ မပြန်ခင် မနက်ပိုင်းမှာ နိုင်ငံရေးပါတီတချို့၊ နိုင်ငံရေး အကျဉ်းသားဟောင်းတချို့ အပြင် လူ့အခွင့်အရေး လှုပ်ရှားသူ တချို့နဲ့လည်း တွေ့ဖို့ စီစဉ်ထားသလို ရန်ကုန်ကနေ ပြန်ထွက်မယ့် ညနေ ၅ နာရီမှာတော့ ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မစ္စတာ ကင်တားနားဟာ နယ်ဘက်တွေကို ဒီတခေါက် ခရီးစဉ်အတွင်း မသွားနိုင်တော့ဘူးလို့လည်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံကို ၅ ရက်ကြာအဖြစ် သြဂုတ်လ ၂၁ ရက်နေ့ကတည်းက ရောက်နေတဲ့ မစ္စတာ ကင်တားနားဟာ ပြီးခဲ့တဲ့ ၃ ရက်က နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး အခြေအနေတွေ ပြောဆိုခဲ့ပါတယ်။

တခါ နေပြည်တော်မှာ ပြုလုပ်နေတဲ့ လွှတ်တော်တွင်း မနေ့က သွားရောက် လေ့လာခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့လည်း တွေ့ဆုံသလို ပြည်ထဲရေးဝန်ကြီး ဌာနမှာ ပုံမှန်ပြုလုပ်နေတဲ့ လူ့အခွင့်အရေး သင်တန်းကိုလည်း သွားရောက်ခဲ့ပြီး မနေ့ညက ရန်ကုန်ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို အရင်က ၃ ကြိမ် လာခဲ့ဖူးသလို ပြီးခဲ့တဲ့ ၂၀၁၀ ဖေဖော်ဝါရီလက နောက်ဆုံးရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ပြည်ဝင်ခွင့်ဗီဇာ မပေးဘဲ ပိတ်ထားရာကနေ အခု အစိုးရသစ် ပြောင်းအပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လာရောက်စုံစမ်းခွင့်ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG