သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကိုယ်စားလှယ် ရခိုင်ခရီးစဉ်စတင်


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ရောက်ရှိစဉ်။ (၃၁ ဇူလိုင် ၂၀၁၂)
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ရောက်ရှိစဉ်။ (၃၁ ဇူလိုင် ၂၀၁၂)
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ၁၀ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အစအဖြစ် ရခိုင်ပြည်နယ်ကို ဒီကနေ့ပဲ ရောက်ရှိသွားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ပြဿနာတွေ အထူးသဖြင့် မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုကို အခြေခံတဲ့ ပဋိပက္ခတွေကို အကဲခတ်ဖို့ ရောက်လာတဲ့ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) ရဲ့ ခရီးစဉ်အစ စစ်တွေမြို့မှာတော့ ဒေသခံတချို့ရဲ့ ကန့်ကွက်မှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ကိုအောင်အောင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ လူ့အခွင့်အရေး အခြေအနေကို လေ့လာဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားဟာ တနင်္လာနေ့မှာပဲ ရခိုင်ပြည်နယ် ခရီးစဉ်ကို စတင်ခဲ့တာပါ။
မစ္စတာ ကင်တားနားကို စစ်တွေဒေသခံတွေ ဆန္ဒပြနေကြစဉ် (၁၂ သြဂုတ် ၂၀၁၃)
မစ္စတာ ကင်တားနားကို စစ်တွေဒေသခံတွေ ဆန္ဒပြနေကြစဉ် (၁၂ သြဂုတ် ၂၀၁၃)

ဒါပေမဲ့လည်း မစ္စတာ ကင်တားနားဟာ သူ့လေ့လာရေးခရီးစဉ် မစတင်ခင်မှာပဲ ဒီခရီးစဉ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုကို ရင်ဆိုင်ခဲ့ရတာပါ။ စစ်တွေမြို့မှာ ဆန္ဒပြသူတွေက မစ္စတာ ကင်တားနားကို ဘက်လိုက်တဲ့ စုံစမ်းစစ်ဆေးသူ အလိုမရှိ၊ ထွက်သွားပါ ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ရခိုင်အမျိုးသမီးကွန်ယက်က ဒေါ်ညိုအေးကတော့ အထူးကိုယ်စားလှယ်အနေနဲ့ ဒေသခံတွေရဲ့ ခံစားချက်တွေကို နားလည်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ဘယ်အရာကိုပဲ ဆုံးဖြတ်၊ ဆုံးဖြတ် ကျမတို့အပေါ်မှာ အကုန်လုံးကို တိတိကျကျနဲ့ မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ အဲ့ဒီသဘောပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂကြီး ဆိုပြီးတော့လည်း ကျမတို့အပေါ်မှာ မှန်မှန်ကန်ကန် မဆုံးဖြတ်ဘူးဆိုရင် ကျမတို့ လက်သင့် မခံနိုင်ပါဘူး။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ တချို့သော ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အရင်ကလည်း ရခိုင်ပြည်နယ်ကို အထူးကိုယ်စားလှယ် သွားရောက်ခဲ့ဖူးပါတယ်။

(၇) ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံကို အခုတခါ သွားချိန်မှာ ထူးထူးခြားခြား ကန့်ကွက်မှုတွေ ကြုံခဲ့ရပေမဲ့ သူ့အနေနဲ့ကတော့ အခြေခံအခွင့်အရေး တရပ်အဖြစ် ကြိုဆိုတဲ့အကြောင်း စစ်တွေမြို့မှာ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံအတွင်း အခုလို ဆန္ဒပြခွင့်ရတာဟာ အင်မတန် ကောင်းပါတယ်။ သူတို့ ဆန္ဒကို ထုတ်ဖော်နိုင်တဲ့ အခြေအနေတရပ်ပါ။ ဒါဟာ အရေးကြီးပါတယ်။ လူတွေရဲ့ အမြင်အားလုံးကို ကျနော်တို့ သိဖို့ လိုပါတယ်။”

သူရဲ့ခရီးစဉ် မစတင်ခင်မှာဘဲ ဗုဒ္ဓဘာသာဝင် ရခိုင်တဦးကြောင့် မူဆလင်တဦး ရေနစ်သေဆုံးရတယ် ဆိုတဲ့ သတင်းတွေနဲ့အတူ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။ စစ်တွေမှာရှိတဲ့ အုန်းတောရွာက ရဲစခန်းကို ရာနဲ့ချီတဲ့ မူဆလင်တွေ ဝင်ရောက်ဖျက်ဆီး၊ မီးတင်ရှို့ခဲ့တဲ့အတွက် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲတုန်းက ပဋိပက္ခတွေကနေ ထွက်ပြေးခဲ့ရသူ မူဆလင် ရိုဟင်ဂျာအများစုရှိရာ ဘောဒုပ ဒုက္ခသည်စခန်းမှာလည်း ဗုဒ္ဓဘာသာဝင်တွေက ဝင်ရောက် တိုက်ခိုက်တာ ခံရတယ်လို့ ရဲတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ် သတင်းနဲ့ ပြန်ကြားရေးဌာန အကြီးအကဲ ဦးဝင်းမြိုင်ကတော့ အခုအခါမှာ အခြေနေတွေဟာ ပြန်ပြီး တည်ငြိမ်နေပြီလို့ ဆိုပါတယ်။

ဒီလို ပဋိပက္ခတွေ ဖြစ်ပွားမှုတွေမှာ ရခိုင်လူမျိုးတွေက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာသူတွေအဖြစ် သဘောထားကြတဲ့ ရိုဟင်ဂျာတွေကို အပြစ်ဖို့နေကြသလို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာလည်း ဒီလူတွေဘက်ကနေ ရပ်တည်တယ်လို့ မြင်နေကြတာပါ။

“သူတို့အားကိုးလို့ သူက ဟိုတုန်းကလည်း နှိုးဆော်ပြီး တအားရေးတာ။ သူကလည်း သူတို့ကိုပဲ ဦးစားပေးတာ။ တို့လူမျိုးတွေကို ဦးစားမပေးဘူး။ ဒါကို သဘောမကျတာ။”

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးကတည်းက မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိနေတဲ့ တချိန်တည်းမှာပဲ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုကို အခြေခံတဲ့ ပဋိပက္ခတွေဟာ ရခိုင်ပြည်နယ်မှာသာမက မြန်မာနိုင်ငံတဝှမ်းမြို့ကြီးတချို့ မှာပါ ဖြစ်ပွားခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ သူ့ရဲ့ ၁၀ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို ပြန်လည် သုံးသပ်မယ့်အကြောင်း ပြောပါတယ်။

သူ့ရဲ့ လူ့အခွင့်အရေး အကြို အစီရင်ခံစာကိုတော့ သြဂုတ် ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံကနေ တင်ပြမှာဖြစ်ပြီး အောက်တိုဘာလအတွင်း ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုတော့ အစီရင်ခံစာ အပြည့်အစုံကို ပေးပို့တင်ပြသွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG