သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်ရောက်ရှိ


မစ္စတာ ကင်တားနား ရခိုင်ပြည်နယ်ရောက်ရှိ (ဂျူလိုင်လ၊ ၂၀၁၂)
မစ္စတာ ကင်တားနား ရခိုင်ပြည်နယ်ရောက်ရှိ (ဂျူလိုင်လ၊ ၂၀၁၂)
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟာ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဒီကနေ့ပဲ ရောက်ရှိလာခဲ့ပြီး၊ မကြာသေးခင်က သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) ရဲ့ ခရီးစဉ် ပထမနေ့အဖြစ် ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေ ကိုပါ တွေ့ဆုံခဲ့တဲ့အတွက် အခြေအနေတွေ တိုးတက်မှု ရလာဖို့ ဒေသခံ လွှတ်တော်အမတ်တွေက မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေနဲ့ စိန်ခေါ်မှု အတိုင်းအတာ ဘယ်လောက်ရှိနေသေးတယ်ဆိုတာကို ဆန်းစစ်ဖို့ လာရောက်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ဟာ တနင်္လာနေ့က ရခိုင်ပြည် နယ်ထဲက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ RNDP ရခိုင်တိုးတက်ရေးပါတီ က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မရကျော် က ဗွီအိုအေ ကို ပြောပါတယ်။

“ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ သူ စစ်တွေကို ရောက်ပါတယ်။ ရောက်ပြီးပြီးချင်း သူက ဘောဒူဝစခန်းဖြစ်တဲ့ သဲချောင်းစခန်းတွေကို သူက အစိုးရအဖွဲ့ ဝန်ကြီး သုံးဦးနဲ့ အဲ့လိုမျိုး တောက်လျှောက် ဆင်းသွားပါတယ်။ အဲ့ဒါပြီးနောက် နေ့လည်စာစားပြီးရင် သူတို့ မြေပုံကို ဆက်ပြီးသွားပါတယ်။ ဒီနေ့ညနေဘက် ပြန်ဝင်ပြီးရင် စစ်တွေ ဟိုတယ်မှာ ဒီနေ့ညအိပ်မယ်လို့တော့ သိရပါတယ်။”

ဦးအောင်မရကျော်ပါ။ အစိုးရတာဝန်ရှိသူတွေပါ လိုက်ပါပြီး အခုထိ တည်ငြိမ်မှုမရှိသေးတဲ့ ရခိုင်ပြည်နယ်ထဲကို အခုလို ကိုယ်တိုင်လာရောက်ပြီး စစ်ဆေးတာမို့ လူ့အခွင့်အရေးဆိုင်ရာ အကျိုးရှိတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က ပြောပါတယ်။

“အဲ့ဒီမှာက အဓိက လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူတယောက်အနေနဲ့ ကျနော်တို့ နိုင်ငံကိုရောက်လာတာဆိုတော့ ကျနော်တို့ နယ်မြေထဲမှာ ရှိတဲ့ဟာတွေကို သူ လေ့လာမယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ တချို့ကိစ္စတွေမှာတော့ အကျိုးရှိမယ် လို့ ထင်ပါတယ်။ အရင်တခါလာတုန်းကလည်း အဲ့ဒါမျိုး အကျိုးရှိတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဆိုတော့ အဲ့ဒါမျိုးလေးတွေကို နည်းနည်း Address လုပ်လို့ရှိရင်လည်း ခုနကပေါ့နော် နိုင်ငံတော်က သက်ဆိုင်ရာ လူကြီးတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အဲ့ဒါမျိုးလေးတွေ ပူးပေါင်း ဆောင်ရွက်လို့ရှိရင်တော့ အကျိုးရှိမယ်လို့တော့ ထင်တယ်ဗျ။”

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ပြောသွား တာပါ။ ပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်ဖို့အတွက် အရေးကြီးသလို၊ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေ ဘယ်လောက်ရှိလာပြီဆိုတာနဲ့ အကဲစမ်း စိန်ခေါ်မှုအဖြစ် ဘာတွေ ကျန်နေသေးသလဲဆိုတာ သိနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ပြောဆို ခဲ့တဲ့ မစ္စတာ ကင်တားနား ဟာ မနက်ဖြန်မှာ ရခိုင်ကနေ အပြန်မှာ သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရသလို၊ မြောက်ပိုင်း ကချင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။
ဒါ့အပြင် အစိုးရတာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ကချင်ပြည်နယ်ထဲမှာ အခု လောလောဆယ် မြန်မာအစိုးရကနေ ကုလသမဂ္ဂ အပါအဝင် လူသားချင်းစာနာမှု အဖွဲ့တွေကို ဒုက္ခသည်တွေ လိုအပ်နေတဲ့ ပံ့ပိုးမှုတွေ သွားရောက်ပေးအပ်ဖို့အတွက် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

KIA ကချင်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ခိုက်မှုတွေ ရပ်စဲစေဖို့အတွက်လည်း ဆွေးနွေးမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ မကြာသေးခင်ကပဲ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့သလို၊ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကလည်း သွားရောက် စစ်ဆေး ကြည့်ရှုဦးမှာဖြစ်ပါတယ်။
XS
SM
MD
LG