သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား ကချင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံ


ကချင်ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့တဲ့ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (လယ်) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃။
ကချင်ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့တဲ့ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (လယ်) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား ဟာ ကချင်ပြည်နယ် လိုင်ဇာမြို့က IDP ဒုက္ခသည်စခန်းကိုသွားရောက်ပြီး လက်ရှိ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို စုံစမ်း မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် ဒီခရီးစဉ်အတွင်း KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း မေးမြန်းခဲ့တယ်လို့ လိုင်ဇာဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက စုံစမ်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံကို နောက်ဆုံး တရားဝင်ခရီးစဉ်အဖြစ် လာရောက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားဟာ ကျမတို့ အသံမလွှင့်ခင်လေးမှာပဲ ကချင်ပြည်နယ် လိုင်ဇာမြို့မှာရှိတဲ့ ဂျေယန့် ဒုက္ခသည်စခန်းမှာ ရောက်ရှိနေပြီး ဒုက္ခသည်တွေရဲ့ နေရပ်မပြန်နိုင်သေးတဲ့ အခြေအနေတွေကို မေးမြန်း စုံစမ်းခဲ့တယ်လို့ ကချင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဦးဒွဲပီစာ က ဗွီအိုအေကို ပြောပါတယ်။
“IDP စခန်းကိုရောက်တယ်။ ဂျေယန့် IDP စခန်းကို ရောက်တယ်။ လူကြီးတွေနဲ့လည်း တွေ့တယ်။ ပြည်သူတွေရဲ့ ဒုက္ခသည် အခြေအနေလေ့လာဖို့၊ ကချင်တွေရဲ့အခြေအနေ လာလေ့လာဖို့ လာတယ်လို့ပဲ ရှင်းပြတာပဲ။ IDP ကိုမေးတာ၊ ဘာအတွက် လာနေကြသလဲ၊ ဘယ်တုန်းကလာနေကြသလဲ၊ ဘာဖြစ်လို့ ကိုယ့်ရပ်ရွာကိုယ် မပြန်ကြတာလဲ- အဲဒါတွေ မေးတာပဲ။ သူတို့လည်း ဒီလိုဖြေကြတာပဲ- ပြန်ချင်တယ်။ ပြန်နိုင်မယ့်အခြေအနေ မရှိလို့ ဒီမှာနေတယ်လို့ပဲ သူတို့ ဖြေကြတာပဲ။ ကျနော်တို့တောင်မှ စကားပြောမယ့် အချိန်မရှိဘူးလေ။ သူတို့က IDP တွေကို ပြောတာ၊ မေးခွန်းထုတ်တာ ဒီလောက်ပဲ ရှိတယ်။ ကျနော်တို့ကလည်းပဲ လိုက်ပဲလိုက်ကြည့်နေတာ- ဒီလောက်ပဲ ရှိတယ်။ စကားပြောလို့ မရဘူး။ အချိန်မရှိလို့ပေါ့။ ဘယ်ကိုမှ မရောက်နိုင်ဘူး၊ ဒီ ဂျေယန့်မှာပဲ ရောက်နိုင်တယ်။ လိုင်ဇာရွာမှာရှိတဲ့စခန်းတောင်မှ သူက မဝင်နိုင်တော့ဘူး။ အခုမေးတုန်းပဲ ထွက်ပြီ။”
ဒါ့အပြင် မစ္စတာ ကင်တားနားဟာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ဥက္ကဌ ဦးဇောင်ခရား အပါအဝင် KIO ဗဟိုကော် မတီဝင်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီးတော့ - လက်ရှိ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ် အခြေအနေတွေကိုလည်း မေးမြန်းခဲ့တယ်လို့ မစ္စတာ ကင်တားနား နဲ့ တွေ့ဆုံခဲ့တဲ့ ဦးဒွဲပီစာ က ဆက်ပြောပြပါတယ်။
“ကျနော်တို့ ဥက္ကဋ္ဌ ဦးဇောင်းခရားနဲ့ ဗဟိုကော်မတီတွေနဲ့တွေ့တယ်။ သူက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခြေအနေ ဘယ်လောက် အလားအလာရှိသလဲ၊ ဘယ်လို အမြင်ရှိသလဲ ဒါတွေမေးတာပဲ။ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီးမှ ဆွေးနွေးတဲ့အခြေအနေ ဘယ်လိုလဲဆိုတာ အဓိက သူမေးတာပဲ။ ဦးဇောင်းခရားကလည်း အခု အခြေအနေကို ရှင်းပြတာပေါ့။ အခုအခြေအနေဆိုတာ နိုင်ငံရေး ဆွေးနွေးတာ ၈ နှစ်ကြာလာပြီ။ အခုလည်းပဲ နိုင်ငံရေးအရ ဖြေရှင်းဖို့ ကြိုးစားနေတယ်ဆိုတာပဲ အဓိကတော့။”
မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို တရားဝင် နောက်ဆုံးခရီးစဉ်အဖြစ်နဲ့ ကြာသပတေးနေ့က ရောက်ရှိလာတာ ဖြစ်ပြီးတော့ - ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ကို တွေ့ဆုံခဲ့သလို၊ သောကြာနေ့ကတော့ ဇန်နဝါရီလအတွင်း ပဋိပက္ခဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့သလို၊ ရန်ကုန် အင်းစိန်အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ပါတယ်။ ခရီးစဉ် တတိယမြောက်နေ့ဖြစ်တဲ့ မနေ့ စနေနေ့ကတော့ ရန်ကုန် သီလဝါ စီးပွားရေးဇုန်ကိုသွားရောက်ခဲ့ပြီး အဲ့ဒီမှာရှိတဲ့ စီးပွားရေးဇုန် စီမံခန့်ခွဲမှု တာဝန်ရှိသူတွေ၊ စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီကနေ့ စတုတ္ထမြောက်နေ့မှာတော့ ကချင်ပြည်နယ်က အခြေအနေတွေကို သွားရောက် လေ့လာခဲ့တာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG