သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး စုံစမ်းရေးမှူး လူ့အခွင့်အရေးသမားများနှင့် တွေ့ဆုံ


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရ၊ လျစ်လျူရှု ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ စုဆောင်းနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေ၊ တန်းတူ လူ့အခွင့်အရေး ရအောင် ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ဒီနေ့ တွေ့ဆုံပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် HREIB မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးအဖွဲ့နဲ့ WLB မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် စတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မစ္စတာ ကင်တားနား ရုံးက ဆက်သွယ်လာတဲ့အတွက် တခြားအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့တာ ဖြစ်တယ်လို့ HREIB လူ့အခွင့်အရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မချယ်ရီဇာဟောင်းက ဗွီအိုအေကို ပြောပြပါတယ်။

“ကျမတို့ HREIB လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) အနေနဲ့ကတော့ မစ္စတာ ကင်တားနားရဲ့ ရုံးက ဆက်သွယ်လာတာနဲ့ တပြိုင်နက် ဒီအစည်းအဝေးအတွက် ကျန်တဲ့ အဖွဲ့အစည်းတွေ အားလုံးကို ကျမတို့ လိုက်ဖိတ်တယ်။ အားလုံးဆိုတာ လူ့အခွင့်အရေးကို ပညာပေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ ဒါမှမဟုတ် မှတ်တမ်းတင်တဲ့ အဖွဲ့အစည်းတွေကို ကျမတို့ လိုက်ဖိတ်တယ်။ ဆိုတော့ ကျမတို့က Coordination လုပ်တာပေါ့၊ ဒီအစည်းအဝေးအတွက်။ အဲဒါတခုလုပ်တယ်။

“နောက်ပြီးတော့ ကျမတို့ တွေ့တဲ့ပုံစံကတော့ တဖွဲ့ချင်း၊ တဖွဲ့ချင်းပေါ့။ အဲဒီလိုမျိုး တွေ့ပါတယ်။ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) အနေနဲ့ တနာရီကျော်ကျော် တွေ့ခဲ့ပါတယ်။”

ဒီကနေ့ အဖွဲ့တွေကို မစ္စတာ ကင်တားနားက သီးခြားစီ တွေ့ဆုံတဲ့နေရာမှာ သူသိချင်တဲ့ အချက်အလက်တွေကို အဓိကထား မေးမြန်းခဲ့တယ်လို့ မချယ်ရီဇာဟောင်းက ဆက်ပြောပါတယ်။

“သူ့ Issue ကလည်း အမျိုးမျိုးဖြစ်နေတော့ ဝိုင်းပြီးတွေ့ရင် အချိန်လည်း ကြာတယ်။ ပြီးတော့ ဒီမှာရှိနေတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေကလည်း သူတို့လုပ်ငန်းနဲ့ သူတို့ဆိုတော့၊ ကျမတို့ ဝိုင်းပြီးတွေ့တာမျိုး မဟုတ်ဘဲနဲ့ တဖွဲ့ချင်းစီကနေ တွေ့ပါတယ်။ ဒါပေမဲ့ HRIEB အနေနဲ့ကတော့ သူတို့ကို မိတ်ဆက်ပေးတာမျိုးတွေ၊ Facilitation အပိုင်းကို တာဝန်ယူပါတယ်။ များသောအားဖြင့်တော့ မစ္စတာ ကင်တားနားကို အာရုံစိုက်ပြီးတော့ အဖွဲ့အစည်းတွေကနေ သူတို့တင်ပြချင်တဲ့ အချက်အလက်တွေ တင်ပြပါတယ်။ သူ့ရဲ့ Team တွေလောက်ပါပဲ။ UN က Branch တွေ၊ အဖွဲ့အစည်းတွေ မပါပါဘူး၊ သူတယောက်တည်းပါ။”

HREIB မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးအဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မချယ်ရီဇာဟောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့တုန်းကတော့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ နောက်ဆုံးအခြေအနေကို စုံစမ်း မေးမြန်းခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို သွားဖို့ မစ္စတာ ကင်တားနား စစ်အစိုးရဆီက ခွင့်ပြုချက် မရချိန်မှာ အခုလို မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို သွားပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ ထိုင်းနိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီးရင် အင်ဒိုနီးရှားနိုင်ငံကို ခရီးဆက်ပြီး ဂျကာတာမြို့မှာ မြန်မာ့အရေး ဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးပေးဖို့ လူ့အခွင့်အရေး ကောင်စီကို မတ်လမှာ သူ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံကို နောက်ဆုံး ဖေဖော်ဝါရီလမှာ သွားခဲ့ပြီးနောက် အခုလို မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG