သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး ကင်တားနား မြန်မာနိုင်ငံကို နောက်သီတင်းပတ် သွားမည်


လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး ကင်တားနား မြန်မာနိုင်ငံကို နောက်သီတင်းပတ် သွားမည်
လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး ကင်တားနား မြန်မာနိုင်ငံကို နောက်သီတင်းပတ် သွားမည်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) ဟာ လာမယ့် သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားမှာ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို စတုတ္ထအကြိမ်မြောက် သွားရောက်မှာဖြစ်ပြီး အခုခရီးစဉ်မှာ မြန်မာအစိုးရသစ်ရဲ့ အဖွဲ့ တာဝန်ခံတွေအပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၀၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူး အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ကင်တားနားက သူဟာ ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်သလို ဒီခရီးစဉ်ဟာ သိပ်ကို အရေးပါတယ်လို့ ပြောပါတယ်။

“အခုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သြဂုတ်လ စတုတ္ထပတ်ထဲမှာ သွားဖို့ရှိပါတယ်။ ရှေ့သီတင်းပတ်ထဲမှာ သွားမှာပါ။ ဒီခရီးစဉ်ဟာ သိပ်ကို အရေးကြီးတဲ့ ခရီးစဉ်ပါ။ ကျနော့်ကို ပေးအပ်ထားတဲ့ တာဝန်အတိုင်း လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံ ရွေးကောက်ပွဲအရ တက်လာတဲ့ အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စုံစမ်းမှုတွေ လုပ်ရမှာပါ။ တချို့ စီစဉ်နေဆဲမို့ အသေးစိတ်ကို ပြောမပြနိုင်ပေမဲ့ ဒီခရီးစဉ်ရဲ့ အဓိက လုပ်ငန်းကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို သိအောင် လုပ်ရမှာမို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။” လို့ ပြောသွားပါတယ်။

မြန်မာအစိုးရသစ် အဖွဲ့ရဲ့ ပြန်ကြားရေး ဝန်ကြီးကလည်း သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို မကြာခင် လာရောက်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပေမဲ့ အစီအစဉ် အသေးစိတ်ကို မပြောခဲ့ပါဘူး။

မစ္စတာ ကင်တားနားဟာ မနှစ်က ဖေဖော်ဝါရီလထဲ တတိယအကြိမ် အဖြစ်နဲ့ မြန်မာနိုင်ငံကို လာခဲ့စဉ်က အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မပေးခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အခု မြန်မာနိုင်ငံကို မစ္စတာ ကင်တားနား လာရောက်တဲ့ အချိန်အတွင်း တွေ့ဆုံမယ့် အထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာဟာ အရေးအကြီးဆုံးလို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် တွေ့ဆုံဖို့ ကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်။ သူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကိစ္စကို သဘောတူပါတယ်။ ဒါ့အပြင် ကျနော့်တာဝန်က မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ဖြစ်တာမို့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအရ လုပ်ပိုင်ခွင့်တွေ ရှိမရှိကအစ စီးပွားရေး၊ လူမှုရေး အပါအဝင် အားလုံး အကျုံးဝင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် အဖြစ်နဲ့ လာရောက်တဲ့ ကျနော်နဲ့ တွေ့ချင်တဲ့သူ အားလုံးကိုပဲ တွေ့ဆုံချင်ပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့တကွ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွှတ်ပေးဖို့ ကိစ္စဟာလည်း အခုခရီးစဉ် အတွင်းမှာ အရေးတကြီး လုပ်ဆောင်ရမယ့် အလုပ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာအစိုးရကို ကျနော် အကြံပြုထားသလို တောင်းလည်း တောင်းဆိုထားပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ် ကတည်းကပါ။ သူတို့ဟာ သူတို့တွေရဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ထုတ်ဖော်ခဲ့ကြလို့ ပုံစံမျိုးစုံနဲ့ မတရား ဖမ်းဆီးခံနေကြရတာပါ။ ဒါကြောင့် ဒီမိုကရေစီလမ်းကို လျှောက်လှမ်းမယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုတာဟာ အခြေခံ အချက်မို့ ဒီ ယုံကြည်ချက်ကြောင့် အဖမ်းခံနေရသူ အားလုံးကို လွှတ်ပေးဖို့ဆိုတာ မေးနေစရာတောင် မလိုပါဘူး။” လို့ ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ အရင်တခေါက် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း အင်းစိန် အကျဉ်းထောင် အပါအဝင် အကျဉ်းထောင် တချို့ကို သွားရောက်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ၅ ရက်ကြာ နေခွင့်ရခဲ့တာမို့ ဒီတခေါက်လည်း အနည်းဆုံး ၅ ရက်ထက်မနည်း နေခွင့်ရမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

မစ္စတာ ကင်တားနားရဲ့ ဒီတခေါက် မြန်မာနိုင်ငံ ခရီးစဉ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဝန်ထမ်းတချို့လည်း လိုက်ပါလာဖို့ ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG