သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ


ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) ဟာ ဒီကနေ့မနက် ရန်ကုန်ကိုရောက်ပြီး ညနေပိုင်းမှာတော့ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကင်တားနားဟာ ဒီကနေ့ သြဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့ကနေ လာမယ့် သြဂုတ်လ ၂၅ ရက် ကြာသပတေးနေ့အထိ နေထိုင်သွားမယ့် မြန်မာပြည် ခရီးစဉ်တွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိသလို ဒါဟာ အရပ်သားအစိုးရ ပြောင်းအပြီးမှာ လူအခွင့်အရေး အခြေအနေတွေကို ပထမဆုံး လာရောက်လေ့လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီကနေ့မနက် ၈ နာရီ ၅၀ က ရန်ကုန်ကို ရောက်ခဲ့အပြီး နေပြည်တော်ကို တိုက်ရိုက်သွားခဲ့ရာ ညနေ ၄ နာရီမှာတော့ မြန်မာအစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပထမဦးဆုံး တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနဲ့အတူ ဒု-ရဲချုပ်တို့နဲ့ ထပ်မံတွေ့ဆုံပြီး အခုညပိုင်းမှာတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ချုပ်ရဲ့ ညစာစားပွဲကို မစ္စတာ ကင်တားနား တက်ရောက်ခဲ့ပါတယ်။ မနက်ဖြန် မစ္စတာ ကင်တားနားဟာ နောက်ထပ် အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ ထပ်မံတွေ့ဆုံဖို့ရှိတယ် ဆိုပေမဲ့ ဘယ်သူတွေနဲ့ အတိအကျ တွေ့မယ် ဆိုတာကိုတော့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။

တခါ မနက်ဖြန်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို လေ့လာသူ အနေနဲ့ မစ္စတာ ကင်တားနား တက်ရောက်မယ်လို့ ကုလသမဂ္ဂက သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားသလို မစ္စတာ ကင်တားနားဟာ သြဂုတ်လ ၂၃ ရက် အင်္ဂါနေ့ကျမှ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်မှာမို့ မနက်ဖြန် လွှတ်တော်အစည်းအဝေးထဲကို သွားနိုင်တယ်လို့လည်း အတော်များများက ခန့်မှန်းနေကြပါတယ်။

လာမယ့် သြဂုတ်လ ၂၄ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ပါ မစ္စတာ ကင်တားနား တွေ့ဆုံဖို့ စီစဉ်ထားသလို NLD ပါတီရဲ့ ရှေ့နေအဖွဲ့နဲ့လည်း သီးသန့် ထပ်မံတွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီမှာ NLD ပါတီက ရှေ့နေတွေ ပြုစုထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းကို မစ္စတာ ကင်တားနားနဲ့ ဆွေးနွေးတင်ပြဖို့ ရှိတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အနှစ် ၂၀ ကျော် လူ့အခွင့်အရေး ချိုးဖောက်ခံရတာ အားလုံးပါတယ်လို့တော့ ကျနော် အာမ မခံဘူး။ NLD ပါတီပေါ်မှာ ဖိနှိပ်ခဲ့တာတွေနဲ့ ပတ်သက်တာ၊ NLD ပါတီကို ဖြိုခွင်းဖို့ ကြိုးစားတာတွေနဲ့ ပတ်သက်တာ အဲဒါတွေကိုတော့ ရှင်းပြပါမယ်။ တိုင်းရင်းသားကိစ္စကလည်း သီးခြား ဖြစ်ပါလိမ့်မယ်။ မစ္စတာ ကင်တားနားက ဒီကိုမလာခင် သူ အစီရင်ခံစာတစောင် တင်ပါတယ်။

“အဲဒီ တင်တဲ့ အစီရင်ခံစာမှာ မြန်မာပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော် ပြည့်ပြည့်စုံစုံ ပါတယ်လို့ ကျနော်သိတယ်။ အဲဒီလို ပြည့်ပြည့်စုံစုံ Report လုပ်နေတဲ့ ပုဂ္ဂိုလ်ကို လက်ရှိအစိုးရက ဝင်ခွင့်ပေးတယ်၊ တွေ့ခွင့်တွေပေးတယ် ဆိုတာဟာ လက်ရှိအစိုးရ အနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုအတွက် အဆင်သင့် ဖြစ်နေတယ်လို့ အဲဒီလိုမြင်ရင် ရပါတယ်။”

NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက မစ္စတာ ကင်တားနားနဲ့ တွေ့မယ့် အစီအစဉ်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီရက်တွေအတွင်း မြန်မာနိုင်ငံထဲမှာ တိုးတက်မှု ရှိတယ်ဆိုတဲ့ နိုင်ငံရေး မြင်ကွင်းတွေ တွေ့ရတယ်လို့လည်း သုံးသပ်နေကြပါတယ်။ ဒါကလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့တာ၊ တခါ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ဦးစီးကျင်းပတဲ့ ဆွေးနွေးပွဲကို သွားခဲ့တာတွေဟာ ကောင်းတဲ့ဘက်ကို ဦးတည်နေတဲ့ အလားအလာတွေလို့ ဆိုနေကြတာပါ။

ဒါ့ကြောင့် အခု မြန်မာနိုင်ငံ ရောက်နေတဲ့ မစ္စတာ ကင်တားနားကို အရင် စစ်အစိုးရ လက်ထက်ကလို မဟုတ်ဘဲ လွတ်လွတ်လပ်လပ် ပိုပြီး သွားလာ လေ့လာခွင့်ရှိဖို့ လိုမယ်လို့ CRPP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသလို သူတို့နဲ့ မစ္စတာ ကင်တားနား တွေ့ဖြစ်မယ် ဆိုရင်လည်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေတွေ၊ လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောပြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“နယ်စပ်ဒေသပေါ့၊ တိုင်းရင်းသား ဒေသတွေအထိ သွားနိုင်လိမ့်မယ်လို့တော့ ကျနော် မျှော်လင့်မထားပါဘူး။ အများဆုံး သွားခွင့်ပေးမယ်ဆိုရင် နိုင်ငံရေး အကျဉ်းကျနေတဲ့ အကျဉ်းသားတွေနဲ့ တွေ့ခွင့်ပေးတာမျိုး၊ အကျဉ်းထောင် အချို့ကို သွားခွင့်ပေးတာမျိုးလောက်ပဲ သွားခွင့်ရလိမ့်မယ်လို့ ထင်ပါတယ်။”

CRPP အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အတွင်း မစ္စတာ ကင်တားနားဟာ တခြား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှု အဖွဲ့တွေနဲ့ တွေ့မယ် ဆိုတာမျိုးကိုတော့ ဒီနေ့ထိ ဘယ်အဖွဲ့ကိုမှ အကြောင်းကြားတာ မရှိသေးပါဘူး။ ဒါကလည်း ဒီနေ့ဟာ တနင်္ဂနွေနေ့ ရုံးပိတ်ရက် ဖြစ်တာမို့ မနက်ဖြန် တနင်္လာနေ့မှာ သိနိုင်စရာ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ခန့်မှန်းပါတယ်။

“ဒီနေ့အထိတော့ အကြောင်းမကြားသေးပါဘူး။ အခု လုပ်ရကိုင်ရတာ အများကြီး ကျနော်တို့အတွက် လုပ်သာကိုင်သာရှိတယ် ဆိုတာတော့ အားလုံး သိတဲ့အတိုင်းပါပဲ။ ဒါကို မေးလာရင်လည်း ဒီအတိုင်းပဲ ကျနော်တို့ ပြောမှာပါ။ ဖြစ်နေတဲ့ ကိစ္စမျိုးမှာ ဒါကတော့ ရပ်သင့်တယ်၊ ဒီပြဿနာမျိုးဟာ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသွားသင့်တယ်၊ ဒီလောက်ပဲ ကျနော်တို့ ပြောလို့ရမယ်။

“အခုလက်ရှိ အခြေအနေမျိုးကို ကျနော်တို့ အားလုံးပေါ့၊ သက်ဆိုင်သူ အားလုံး၊ ဆိုလိုတာက ကျနော်တို့ နိုင်ငံရေးပါတီတွေ အပါအဝင် တခြား နိုင်ငံရေး အင်အားစုတွေရော၊ အာဏာပိုင် အဖွဲ့အစည်းများကရော၊ အစိုးရပိုင်းကရော နားလည်မှု တည်ဆောက်နေတဲ့ သဘောထားမျိုးကို ဆက်ပြီးတော့ သယ်ဆောင်သွားနိုင်မယ် ဆိုရင်တော့ ကျနော်ထင်ပါတယ်၊ နိုင်ငံရေး အကျဉ်းသား ပြဿနာကလည်း ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။”

NDF ပါတီက ဒေါက်တာ သန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ အရင် စစ်အစိုးရ လက်ထက်က မြန်မာနိုင်ငံကို ၃ ကြိမ် လာခဲ့ဖူးသလို သူ့ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ၂၀၁၀ ဖေဖော်ဝါရီလ အပြီးမှာတော့ စစ်ခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုဖွဲ့ပြီး စုံစမ်းဖို့ မစ္စတာ ကင်တားနားက လူ့အခွင့်အရေး ကောင်စီကို အကြံပြုထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG