သုံးရလွယ်ကူစေသည့် Link များ

ကင်တားနား မြန်မာအာဏာပိုင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ

  • ဗွီအိုအေ (မြန်မာဌာန)

ကင်တားနား မြန်မာအာဏာပိုင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ

တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ နေပြည်တော်မှာ ပြည်ထောင်စု တရားသူကြီး ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ကိုယ်စား ဒုတိယရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း၊ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် လှမင်း၊ နိုင်ငံတော် အကြံပေးအဖွဲ့ ၃ ဖွဲ့နဲ့ ဒီနေ့ ထပ်မံ တွေ့ဆုံခဲ့ပါတယ်။

၅ ရက်ကြာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ၂ ရက်ဆက်တိုက် တွေ့ဆုံပြီး နိုင်ငံရေး အကျဉ်းသား ကိစ္စနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာ ကင်တားနားဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရောက်ချင်း ပထမဦးဆုံး အနေနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တစောင်ကိုလည်း တင်သွင်းခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ရေးသားခဲ့ပါတယ်။ ဆွေးနွေးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မစ္စတာ ကင်တားနား အနေနဲ့ နေပြည်တော်မှာ ဒုတိယအကြိမ် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို လေ့လာသူတယောက် အနေနဲ့ တက်ရောက်မယ် ဆိုပြီးတော့လည်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပေမဲ့ ဒီနေ့မှာ တက်ရောက်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

သူဟာ သြဂုတ်လ ၂၄ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဖို့ရှိပြီး အဲဒီမှာ NLD ပါတီက ရှေ့နေတွေ ပြုစုထားတဲ့ လူ့အခွင့်အရေး အခြေအနေ မှတ်တမ်းကိုလည်း မစ္စတာ ကင်တားနားကို ဆွေးနွေးတင်ပြဖို့ ရှိတယ်လို့ မနေ့က NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကျရင်တော့ ခရီးစဉ်အတွင်း လေ့လာ တွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ အသေးစိတ်ကိုတော့ ဒီနှစ် နှောင်းပိုင်းကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို မစ္စတာ ကင်တားနား နောက်ဆုံး လာရောက်ခဲ့တာဟာ ၂၀၁၀ ဖေဖော်ဝါရီလမှာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ် အပြီးမှာပဲ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတယ်လို့ ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း ဖော်ထုတ်နိုင်ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့ရေးကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အကြံပြုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG