သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အဖွဲ့အစည်း ပေါင်းစုံနဲ့ ကင်တားနား ဆွေးနွေး


မြန်မာ့လူ့အခွင့်အရေး အဖွဲ့အစည်း ပေါင်းစုံနဲ့ ကင်တားနား ဆွေးနွေး
မြန်မာ့လူ့အခွင့်အရေး အဖွဲ့အစည်း ပေါင်းစုံနဲ့ ကင်တားနား ဆွေးနွေး

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) ဟာ ရန်ကုန်ကနေ ပြန်မထွက်ခွာခင် ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့ တချို့အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့အတူ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ပါ တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေတွေနဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေး မေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုတွေ အတွင်းက ဆွေးနွေးချက်တွေကို မသင်းသီရိက တင်ပြပေးထားပါတယ်။

သြဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့ကတည်းက မြန်မာနိုင်ငံကို ရောက်နေပြီး ဒီကနေ့ ညနေမှာ ရန်ကုန်ကနေ ပြန်ထွက်ခွာတော့မယ့် မစ္စတာ ကင်တားနားဟာ ဒီကနေ့ မနက်ကနေ မွန်းလွဲကျော် အချိန်တွေထိ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အဖွဲ့တွေအပြင် အဖွဲ့အသီးသီးကို အချိန်တွေခွဲပြီး အုပ်စုအလိုက် တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေတွေ ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

ဒီလိုတွေ့ဆုံမှုတွေထဲ နိုင်ငံရေးပါတီတွေနဲ့ လက်ရှိအစိုးရပေါ် အမြင်တွေ၊ အပြောင်းအလဲ ရှိမရှိဆိုတဲ့ သုံးသပ်ချက်တွေအပြင် နိုင်ငံရေး ပါတီတွေရဲ့ ရပ်တည်ရေးဆိုင်ရာ ကိစ္စတွေကို မေးမြန်းခဲ့တယ်လို့ ဒီကနေ့ ရန်ကုန်က ကုလသမဂ္ဂရုံးမှာ မစ္စတာ ကင်တားနားနဲ့ သွားတွေ့ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဦးသုဝေက ပြောပါတယ်။

“အခြေအနေလေးတွေ ပြောင်းလာတယ်၊ ကောင်းတာလေးတွေ တွေ့တယ်လို့ ပြောတဲ့အခါကျတော့ သူလည်း အဲဒါတော့ လက်ခံတယ်။ ဒါပေမဲ့ ဒါ ခင်ဗျားတို့ကို Test လုပ်နေတာလို့ မယူဆဘူးလားတဲ့၊ သူကမေးတယ်။ မပြောတတ်ဘူးလို့၊ သူ့စိတ်ထဲမှာ ရှိတာတွေကို ကျနော်တို့ မပြောနိုင်ဘူးလို့။ ကောင်းတာလုပ်ရင်တော့ ကျနော်တို့က လက်ခံပြီး ရှေ့တိုး လုပ်ရမှာပဲလို့၊ ကျနော် ပြောပြတာပါ။

“ဟိုတုန်းကနဲ့ စာလို့ရှိရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း နည်းနည်းတော့ သက်သာလာတယ်လို့ မြင်ရပါတယ်လို့။ အခက်အခဲဆိုတာတော့ ဟိုတုန်းက ကျနော်တို့ကို ခြိမ်းခြောက်တာတွေ အများကြီးပေါ့၊ အခုတော့ အဲဒါတွေ မရှိသေးဘူး၊ မရှိတော့ဘူးလို့။”

အခုလိုမျိုး အစိုးရရဲ့ လုပ်ဆောင်ချက်ပေါ် အမြင်တွေနဲ့ နိုင်ငံရေးပါတီ ရပ်တည်မှု အခြေအနေတွေကို ဆွေးနွေးကြတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား ကိစ္စကိုလည်း အဓိကနေရာကနေ ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီး တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်လွှတ်ပေးရေး ကိစ္စဟာ လက်ရှိ ပြည်တွင်းမှာ ပြောင်းလဲတိုးတက်မှုလို့ ယူဆနိုင်တဲ့ အခြေအနေတွေက ပိုပြီးတော့ မျှော်လင့်စရာ လမ်းစတွေလို့ မြင်လာတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“အကျဉ်းသားတွေ လွတ်ရေး ကိစ္စကို သူတို့ကလည်း ဒါကို အလေးအနက် ထားတယ်ပေါ့ဗျာ။ ဒီအပေါ်မှာ ကျနော်တို့ ဘယ်လိုမြင်သလဲလို့ သူက မေးတယ်။ ကျနော့်အနေနဲ့ ပြောပြတာကတော့ သမ္မတကလည်း မကြာခင်က ပြောသွားတဲ့ အထဲမှာ ပြည်ပရောက်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို ဒီမှာ လက်ခံဖို့ ဘာဖို့ဆိုတဲ့ ပြန်လည်ပြီးတော့ သင့်မြတ်ဖို့ ကိစ္စတွေ လုပ်နေတဲ့ အခါမှာ နိုင်ငံရေး အကျဉ်းသား လွှတ်ရေးဆိုတာ အလိုအလျောက် ဖြစ်လာမယ့် ကိစ္စပဲလို့ ကျနော် မြင်တယ်လို့။

“အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့ နားလည်မှု တည်ဆောက်ပြီး သွားနေတဲ့ အချိန်အခါမှာ ဒီအတိုင်း ဆက်ပြီး သွားတာဟာ အကျဉ်းသား လွတ်မြောက်ရေး အတွက်လည်း အများကြီး အထောက်အကူပြုမှာ ဖြစ်တယ်လို့။ ဒါပေမဲ့ သူကပြောတာ တခုကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်တဲ့ကိစ္စမှာ အစိုးရပိုင်းက နည်းနည်း စိုးရိမ်နေပုံရတယ် ဆိုတာတော့ ပြောတယ်။ တကယ်လို့ လွတ်လာရင် လမ်းပေါ်မှာ ထွက်ပြီးတော့ ဆန္ဒပြတာတို့ ဘာတို့ ဖြစ်မလားပေါ့။

“ကျနော် ပြောလိုက်တာကတော့ အခုလို အခြေအနေအရ တဘက်နဲ့တဘက် သင့်မြတ်ဖို့အတွက် ကျနော်တို့ ကြိုးပမ်းနေတယ် ဆိုရင်တော့ ဒီဥစ္စာက စိုးရိမ်စရာကိစ္စ မဟုတ်ဘူးလို့ ကျနော်တော့ မြင်တယ်လို့ အဲဒီလိုပဲ ပြောလိုက်ပါတယ်။”

ဒီကနေ့ မစ္စတာ ကင်တားနားကို သွားတွေ့ခဲ့တဲ့ NDF ပါတီက ဒေါက်တာသန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို နိုင်ငံရေး ပါတီတွေအပြင် တခြား တိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေ၊ နောက်ထပ် နိုင်ငံရေး လှုပ်ရှားနေကြတဲ့ ပါတီတချို့နဲ့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲအကြောင်းတွေ၊ အဲဒီဒေသတွေမှာ ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း မစ္စတာ ကင်တားနားက ဆွေးနွေး မေးမြန်း နားထောင်ခဲ့ပါတယ်။

တခါ မကြာသေးခင်ကမှ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်သားဟောင်း ကိုဇေယျာသော်၊ ကိုအောင်ကျော်ဆန်း၊ ဒေါက်တာနေဝင်းနဲ့ ကိုမြတ်သူအပြင် တခြား နိုင်ငံရေး အကျဉ်းသားဟောင်း တချို့နဲ့လည်း သူတို့ ကြုံခဲ့ရတဲ့ ထောင်တွင်းက အကျဉ်းသား အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေကို မေးမြန်းခဲ့သလို ရှေ့နေတချို့နဲ့လည်း တွေ့ဆုံပြီး လက်ရှိ တရားရုံးတွေမှာ ကြုံနေရတဲ့ တရားစီရင်ရေး စနစ်တွေအပေါ် စုံစမ်းခဲ့ပါတယ်။

ဒီလို အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို မစ္စတာ ကင်တားနား တွေ့ဆုံသလို ဒီကနေ့ မနက်ပိုင်း ရန်ကုန်က Traders ဟိုတယ်မှာရှိတဲ့ ILO ရုံးမှာ မစ္စတာ ကင်တားနားဟာ ILO ရုံးက ဆက်သွယ်ရေး အရာရှိ စတိဗ် မာရှဲလ် (Steve Marshall) နဲ့အတူ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တချို့၊ တခါ ILO မှာ လယ်ယာမြေ အသိမ်းခံရလို့ တိုင်ကြားထားတဲ့ လယ်သမားတချို့ကို ခေါ်ယူပြီး အခြေအနေတွေကို အသေးစိတ် မေးမြန်းခဲ့တယ်လို့ HRDP အဖွဲ့က ကိုမောင်မောင်လေးက ပြောပါတယ်။

“လယ်သမား အရေးကိစ္စနဲ့ ပတ်သက်လို့ ILO မှာ သူတို့ လယ်ယာမြေကိစ္စတွေ တိုင်တန်းပြီးတဲ့နောက် အခုအချိန်အထိ ILO နဲ့ အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးထားတဲ့ ကြားကိုမှ သူ့လယ်တွေကို သူလုပ်ပိုင်ခွင့် မရတဲ့အကြောင်း ပြောပါတယ်။ ဒီအထဲမှာ ပြဋ္ဌာန်းဥပဒေတွေက ကျနော်တို့ လူ့အခွင့်အရေးကို အချိန်မရွေး ဝင်ရောက် ကျူးကျော်လာနိုင်တယ်၊ လူ့အခွင့်အရေးတွေ အချိန်မရွေး ပြန်လည် ချိုးဖောက်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ကျနော်တို့ ဗမာပြည်မှာ လူ့အခွင့်အရေးက ချိုးဖောက်မှု ဆက်ဖြစ်နေဦးမှာပဲ ဆိုတာကို ကျနော် ပြောပြပါတယ်။”

ဒီကနေ့ မနက်နဲ့ နေ့လယ်ပိုင်းတွေက မစ္စတာ ကင်တားနားနဲ့ မြန်မာ့အရေးမှာ ပါဝင်နေသူ တချို့ရဲ့ တွေ့ဆုံ မေးမြန်းမှုတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားဟာ သူ မပြန်ခင် ဒီနေ့ ညနေပိုင်း ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG