သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်မှ ဒီမိုကရေစီနည်းကျ


လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်မှ ဒီမိုကရေစီနည်းကျ
လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်မှ ဒီမိုကရေစီနည်းကျ

၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်နေပြီ၊ မြန်မာအစိုးရသစ် အနေနဲ့ မေလထဲမှာ အကျဉ်းသား ၂၀,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီ ဖြစ်သလို မကြာခင် သင့်လျော်တဲ့ အချိန်အတွင်းမှာလည်း နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့နေရာမှာ ရိုးရိုးအကျဉ်းသားတွေထက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမှုက ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် အရေးအကြီးဆုံး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ မြန်မာနိုင်ငံက အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ ခြေလှမ်းအဖြစ်နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မေလ အကျဉ်းသား ၂၀,၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာကို မြန်မာအာဏာပိုင်တွေက ထောက်ပြ ပြောဆိုလေ့ ရှိပါတယ်။ အင်္ဂါနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ဒါကို မြန်မာအစိုးရသစ် အဖွဲ့ရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲတဲ့ ခြေလှမ်းအဖြစ်နဲ့ ရည်ညွှန်း ပြောဆိုခဲ့ပေမဲ့ မစ္စတာ ကင်တားနားကတော့ ဒါဟာ တကယ့် အပြောင်းအလဲ ခြေလှမ်းအဖြစ် မခေါ်နိုင်ဘူးလို့ ဆိုပါတယ်။

“ရိုးရိုးအကျဉ်းသားတွေအတွက် သက်သက် ရည်ရွယ် ထုတ်ပြန်တဲ့ ဒီ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမျိုးဟာ တကယ့် ပြောင်းလဲတာလို့ မခေါ်နိုင်ပါဘူး။ ဒီမိုကရေစီရေး ပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် အရေးအကြီးဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာမျိုးပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ထောင်နဲ့ချီ ရှိနေပေမဲ့ ဒီ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာတဲ့သူက ၄၀ လောက်ပဲ ရှိပါတယ်။ နိုင်ငံတကာကလည်း ဒါကိုပဲ လွှတ်ပေးဖို့ တောင်းဆိုနေတာမို့ မြန်မာအစိုးရ အနေနဲ့ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

ဒီလိုလွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် တောင်းဆိုဖို့ လိုတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မေလ လွတ်ငြိမ်းချမ်းသာခွင့်ဟာလည်း အရေးပါတယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။ ကိုယ်တိုင် မြန်မာနိုင်ငံ အကျဉ်းထောင်တချို့ကို သွားရောက်ခဲ့တာမို့ ဒီအကျဉ်းထောင်တွေရဲ့ အနေအထားတွေအရ ဘယ်သူ့ကိုမှ ချုပ်နှောင်မထားသင့်တဲ့ အကျဉ်းထောင်တွေမို့ ဘယ်လွတ်ငြိမ်းချမ်းသာခွင့်မျိုးကိုမဆို အရေးကြီးတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရသစ်အဖွဲ့ အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေသလို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ပုံမှန် သုံးသပ်တဲ့ ဇွန်လ UPR လုပ်ငန်းစဉ်ပါ အကြံပေးချက်တွေထဲက ထက်ဝက်ကျော်ကို သဘောတူ လက်ခံကြောင်းလည်း ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနေတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာအစိုးရ အနေနဲ့ UPR လုပ်ငန်းစဉ်ကို ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတာနဲ့ အကြံပေးချက် ထက်ဝက်ကျော်ကို လက်ခံတယ် ဆိုတာတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တကယ် မေးခွန်းထုတ်စရာ ရှိနေတာက ဘယ်လို အကောင်ထည်ဖော် ဆောင်ရွက်မယ် ဆိုတာပါ။ အကြံပေးချက်တွေကို လက်ခံတယ် ဆိုတာက ဘယ်လိုပုံစံနဲ့ လက်ခံမှာလဲ၊ လူ့အခွင့်အရေးကောင်စီက ပြောတဲ့ ပုံစံအတိုင်း လုပ်မှာလား၊ တခြား ကိုယ့်စိတ်ကြိုက်ပုံစံ တမျိုးမျိုးနဲ့ ဆက်ပြီး အကောင်အထည် ဖော်မှာလား ဆိုတာက မေးစရာ ဖြစ်လာပါတယ်။”

ဒါ့ကြောင့် UPR လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ သတ်မှတ်ချက် ပုံစံအတိုင်း လုပ်ဆောင်ဖို့လည်း လိုလားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ ကာကွယ်စောင့်ရှောက်ဖို့ တိုးတက်မှုတွေ ရှိလာစေဖို့ ချမှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စက်တင်ဘာလ ၅ ရက်နေ့မှာ လူ့အခွင့်အရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းပေးခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပေမဲ့ ဒီကော်မရှင်ကို သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း တရပ်အဖြစ် မစ္စတာ ကင်တားနားက မမြင်ပါဘူး။

“အစိုးရဟာ မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပုံစံသစ် တမျိုးနဲ့ ဖြေရှင်းဖို့ ကြိုးစားလာပုံ ရပါတယ်။ ဒါပေမဲ့လည်း သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှာ တကယ့် သီးခြား လွတ်လပ်တဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ လူ့အခွင့်အရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းတော့မယ်ဆိုရင် လွှတ်တော်ကနေ ရွေးချယ် ဖွဲ့စည်းရမှာ ဖြစ်ပေမဲ့ အခု ဒါမျိုး မတွေ့ရပါဘူး။ ဒါ့အပြင် ကော်မရှင် အဖွဲ့ဝင်တွေ ရွေးချယ်ခန့်ထားတဲ့ ပုံစံကလည်း လက်ခံနိုင်စရာ မရှိပါဘူး။

“ဒါ့ကြောင့် ဒီ လူ့အခွင့်အရေး ကော်မရှင်ကို ကျနော်တို့ အနီးကပ် စောင့်ကြည့်ဖို့ လိုပါတယ်။ ကျနော့်အနေနဲ့ ပြောရရင် အခုဖွဲ့ထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကနေ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ပြောင်းလဲလာအောင် လုပ်နိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့ အစိုးရသစ် အဖွဲ့က ကြိုးပမ်းမယ်လို့ ပြောဆိုနေမှုတွေ အတွက်တော့ မစ္စတာ ကင်တားနားက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ သြဂုတ်လထဲမှာ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားဟာ အောက်တိုဘာလ ၁၉ ရက်နေ့မှာ သူ့ရဲ့ တွေ့ရှိချက်တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

XS
SM
MD
LG