သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး လွှတ်တော်မှာ ကင်တားနား တိုက်တွန်း


မစ္စတာ ကင်တားနား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် တွေ့ဆုံစဉ်။ သြဂုတ် ၂၃၊ ၂၀၁၁။
မစ္စတာ ကင်တားနား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် တွေ့ဆုံစဉ်။ သြဂုတ် ၂၃၊ ၂၀၁၁။

မြန်မာနိုင်ငံမှာ တိုးတက်တဲ့ နိုင်ငံရေးဖြစ်စဉ် တချို့ကို တွေ့ရပေမဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ လိုနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က ပြောလိုက်ပါတယ်။ မစ္စတာ ကင်တားနားက နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ တွေ့ဆုံစဉ်အတွင်း အခုလို ပြောဆိုလိုက်တာ ဖြစ်သလိုပဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံခဲ့တဲ့အပြင် နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်ကိုလည်း ဝင်ရောက် လေ့လာခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်၊ တနင်္ဂနွေနေ့ ကတည်းက မြန်မာနိုင်ငံကို ရောက်နေတဲ့ မစ္စတာ ကင်တားနားဟာ သူ့ရဲ့ခရီးစဉ် ၃ ရက်မြောက်ဖြစ်တဲ့ ဒီကနေ့ မနက်မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ နေပြည်တော်မှာ အရင်ဆုံး တွေ့ပါတယ်။ နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့အတူ အခု နေပြည်တော်မှာ ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့လည်း တွေ့ဆုံပါတယ်။ ဒီ့နောက် မစ္စတာ ကင်တားနားဟာ လွှတ်တော်အစည်းအဝေးထဲ ဝင်ရောက်ပြီး လေ့လာခဲ့တယ်လို့ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်တွင်း အတူလိုက်ပါနေတဲ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“ကျနော် အတိအကျတော့ မပြောပါရစေနဲ့၊ ဒါပေမဲ့ ဒီနေ့မနက် မစ္စတာ ကင်တားနားက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ တွေ့ခဲ့ပါတယ်။ ပြီးတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့လည်း တွေ့တယ်။ ပြီးတော့ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ပြီးတော့ လွှတ်တော်ထဲဝင်ပြီးတော့ လေ့လာကြည့်ပါတယ်။ လွှတ်တော်မှာ လွှတ်တော်အမတ်တွေ ဆွေးနွေးနေတာ မစ္စတာ ကင်တားနားကိုယ်တိုင် ကြားခဲ့ရပါတယ်။”

နေ့လယ်ပိုင်းမှာတော့ မစ္စတာ ကင်တားနားဟာ ရွေးကောက်ပွဲ ကော်မရှင်ရုံးကိုလည်း သွားခဲ့သလို ပြည်ထဲရေး ဝန်ကြီးဌာနမှာ ပြုလုပ်နေတဲ့ လူ့အခွင့်အရေး သင်တန်းအတွင်းမှာ တနာရီနီးပါးကြာ လူ့အခွင့်အရေးသင်တန်း ပို့ချခဲ့ပါတယ်။

“ပြည်ထဲရေး ဝန်ကြီးဌာနမှာ လူ့အခွင့်အရေးသင်တန်း ကျင်းပနေတာ ရှိပါတယ်။ အဲဒီမှာ မစ္စတာ ကင်တားနားရော၊ နောက် UNICEF က မစ္စတာ ရာမစ်ရှ်ရော သူတို့ သင်တန်းပို့ချခဲ့တာပေါ့။ မစ္စတာ ကင်တားနားရဲ့ လက်ချာအပြီးမှာ ကျနော်တို့ ရန်ကုန် ပြန်မှာပါ။”

ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို တွေ့ဆုံမှုတွေအတွင်း တိုးတက်တဲ့ နိုင်ငံရေး အခြေအနေ တချို့ကို သူတွေ့ရတာ ဝမ်းသာပြီး လက်ခံပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်လွှတ်ပေးရေးဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးအကြီးဆုံး ဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် အတွင်းမှာ ပြောဆိုလိုက်တဲ့အကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပြပါတယ်။

“အပြုသဘော တော်တော်ဆောင်ပါတယ်။ သူကလည်း လွှတ်တော် ၂ ရပ်ကို အောင်အောင်မြင်မြင်နဲ့ အဆင်ပြေပြေ ကျင်းပနိုင်တာကို ဝမ်းသာတဲ့ အကြောင်းတွေလည်း ပြောတာပေါ့ဗျာ။ နောက် နိုင်ငံရေး အကျဉ်းသားကိစ္စ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာ ကျေးဇူးတင်တဲ့ အကြောင်းတွေလည်း ပြောတယ်။ ဒီ့ထက်မက ဆွေးနွေး ညှိနှိုင်းနေကြတာကို တွေ့လို့ ဝမ်းသာတဲ့ အကြောင်းတွေလည်း သူပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့လည်း သူက ဆောင်ရွက်ပေးစေချင်တဲ့ သဘောပေါ့ဗျာ။ ကျနော်တို့ဘက်ကလည်း လွှတ်တော်အဆင့်ဆင့်ကို ဆွေးနွေးကြတာ ရှိပါတယ်။”

နေပြည်တော်က လွှတ်တော် အစည်းအဝေးကို တက်နေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားနဲ့ အဖွဲ့ဟာ မနက်ဖြန် သြဂုတ်လ ၂၄ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ရန်ကုန်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်းစိန် အကျဉ်းထောင်တွင်း သွားရောက်လေ့လာပြီး နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံတာ၊ တခြား နိုင်ငံရေး ပါတီတွေနဲ့အတူ တိုင်းရင်းသား အဖွဲ့တွေနဲ့ရော တွေ့ဖို့ အစီအစဉ်တွေကို အခုအချိန်မှာ ကြိုတင် မပြောပြနိုင်သေးပေမဲ့ မစ္စတာ ကင်တားနားဟာ လိုအပ်တဲ့သူ အားလုံးနဲ့ စုံစုံလင်လင်တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားဟာ သြဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့မနက်က မြန်မာနိုင်ငံကို ရောက်ခဲ့ပြီး တိုက်ရိုက် နေပြည်တော်ကို သွားခဲ့ရာ အဲဒီနေ့မှာပဲ မြန်မာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။

တခါ မနေ့ သြဂုတ်လ ၂၂ ရက် တနင်္လာနေ့ကလည်း ပြည်ထောင်စု တရားသူကြီး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့အတူ ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး အပြင် နိုင်ငံတော် အကြံပေးအဖွဲ့ ၃ ဖွဲ့နဲ့လည်း ထပ်မံတွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေတွေ၊ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေကို ပြောဆို ဆွေးနွေးခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို သြဂုတ်လ ၂၁ ရက်နေ့က ရောက်နေတာဖြစ်ပြီး ၂၅ ရက် ကြာသပတေးနေ့အထိ ၅ ရက်ကြာ နေထိုင်မယ့် သူ့ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာမှာ ဖြစ်သလို သူပြန်တဲ့နေ့မှာလည်း ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ အရင် စစ်အစိုးရ လက်ထက်က ၃ ကြိမ် မြန်မာနိုင်ငံကို လာခဲ့ဖူးသလို တိုင်းရင်းသား ဒေသတွေမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုဖွဲ့ပြီး စုံစမ်းဖို့ မစ္စတာ ကင်တားနားက လူ့အခွင့်အရေး ကော်မရှင်ကို အကြံပြုထားသူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG