သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံ


လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံ
လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံ

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Tomas Ojea Quintana) အနေနဲ့ အင်းစိန်ထောင် သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသားအချို့ တွေ့ဆုံခဲ့တာကြောင့် အနိမ့်ဆုံး ထောင်တွင်း အခြေအနေတွေ တိုးတက် ကောင်းမွန်လာနိုင်တယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို အခုလို ပြည်ဝင်ခွင့်ပေးပြီး နိုင်ငံရေး အကျဉ်းသားတွေကို တွေ့ဆုံခွင့် ပေးတာထက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့ အပါအဝင် လူ့အခွင့်အရေး တိုးတက် ပြောင်းလဲမှုတွေအတွက် မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရ အနေနဲ့ လေးစားလိုက်နာဖို့ အရေးကြီးတယ်လို့ လှုပ်ရှားသူတွေက ယူဆပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီကနေ့မနက်ပိုင်း အင်းစိန်ထောင် သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသား ၇ ဦးနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အင်းစိန်ထောင်ဆေးရုံ အပါအဝင် ထောင်တွင်းနေရာ အချို့ကို လှည့်ပတ် ကြည့်ရှုပါတယ်။ တွေ့ဆုံလိုတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း မစ္စတာ ကင်တားနားက အာဏာပိုင်တွေကို ကြိုတင်စာရင်းပို့ပြီး တွေ့ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ သင်္ကြန်တုန်းက ရန်ကုန်မှာ ဗုံးခွဲမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား စည်သူဇေယျကိုလည်း မစ္စတာ ကင်တားနားက သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အခုလို တွေ့ဆုံခွင့်ရတဲ့အတွက် အနိမ့်ဆုံးတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေ တိုးတက် ကောင်းမွန်လာမယ်လို့ မျှော်လင့်သလို သူတို့လွတ်မြောက်လာဖို့ အထိလည်း မျှော်မှန်းမိတယ်လို့ နိုင်ငံရေး အကျဉ်းသား စည်သူဇေယျရဲ့ မိခင် ဒေါ်ရီရီတင့်က ဗွီအိုအေကို ပြောပါတယ်။

“မျှော်လင့်တာပေါ့၊ တကယ်လို့ သူ့အတွက်လည်း၊ သူ မတရားသဖြင့် ခံစားနေရတာတွေလည်း မှန်မှန်ကန်ကန် ဖြစ်သွားမယ်လို့ ထင်တာပဲလေ။ သူ့ရဲ့အမှုမှာ တကယ်တမ်းက သက်သေမရှိဘူးလေ၊ ရဲက စစ်တာပဲ။ တကယ်လို့ အစိုးရအနေနဲ့ လွှတ်သင့်တယ်လို့ ထင်တာပဲလေ။ အမှန်တရား ဖြစ်လာရင်တော့ အကောင်းဆုံးပဲလို့ မျှော်လင့်တာပဲ။

“အနည်းဆုံးတော့ နေရေးထိုင်ရေးနဲ့ လူ့အခွင့်အရေးနဲ့ ညီညီညွတ်ညွတ် ဖြစ်မယ်လို့ ထင်တာပဲ။ သူတို့ အထဲမှာ နေရတာ ကျမတို့ အရင်မြင်ဖူးတာတော့ အဝတ်အစားတွေ ဘာတွေဆို တော်တော်ဆိုးဝါးတယ်၊ သူတို့ဝတ်ထားတဲ့ အဝတ်အစားတွေက၊ အဲဒီလို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်း ပြည့်ပြည့်စုံစုံ ဖြစ်လာမယ်လို့ ထင်တာပေါ့။”

မစ္စတာ ကင်တားနား အနေနဲ့တော့ မြန်မာနိုင်ငံကို ၂၀၁၀ ဖေဖော်ဝါရီလမှာ နောက်ဆုံးလာရောက်ခွင့် ရခဲ့တာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ ရောက်တိုင်းတော့ အင်းစိန်ထောင် နေရာအချို့ကို ဝင်ရောက်စစ်ဆေးခွင့် ရသလို နိုင်ငံရေး အကျဉ်းသား အချို့နဲ့လည်း တွေ့ဆုံခွင့်ရလေ့ ရှိပါတယ်။

ဒါကြောင့်လည်း မစ္စတာ ကင်တားနား အနေနဲ့ အခု သွားရောက်ခွင့် ရတာကို ထူးခြားတယ်လို့ မယူဆဘဲ တကယ်တမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ နေရာတွေကို မစ္စတာ ကင်တားနားကို တိုက်ရိုက် သွားရောက်ခွင့် ပေးသင့်တယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“တကယ်တမ်း လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နေရာတွေကို သူသွားခွင့်ရတယ်လို့ ကျနော်တို့ မသိရသေးဘူး။ အင်းစိန်ထောင်တော့ သွားလို့ရတယ်၊ တချို့နေရာတွေ သွားလို့ရတယ်၊ တချို့လူတွေနဲ့ တွေ့လို့ရတယ်။ အဲဒါတွေက မြို့ပေါ်တွေမှာ များနေတယ်။ တကယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ နေရာတွေကို သူသွားပြီး လေ့လာခွင့်ရမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို သူ အသေးစိတ် ပိုပြီး သိနိုင်မှာပါ။

“အခုက နိုင်ငံရေး အကျဉ်းသားတွေကို သူတို့က ဓားစာခံအဖြစ်နဲ့ အသုံးပြုနေတာမျိုးတွေ ရှိတယ်။ ဥပမာ တချို့ နိုင်ငံတကာရဲ့ ဖိအားတွေ သိပ်များလာပြီဆိုရင် နိုင်ငံရေး အကျဉ်းသား ရာဂဏန်းလောက်ကို လွှတ်ပေးလိုက်၊ အဲဒီအချိန်မှာ နိုင်ငံတကာက ပြန်ပြီးတော့ သူတို့ကို ထောက်ခံလိုက်၊ တချို့ နိုင်ငံတကာ ကိစ္စတွေမှာ သူတို့လိုချင်တာ ရဖို့အတွက် အဲဒီလို လွှတ်လိုက် ဖမ်းလိုက်နဲ့ ကစားနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ဓားစာခံအဖြစ်နဲ့ သုံးနေမယ့်အစား တကယ့် စစ်မှန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လုပ်ဖော်ကိုင်ဘက်အဖြစ် သဘောထား လွှတ်ပေးလိုက်ပြီး ပူပေါင်း လုပ်ဆောင်တာက အကောင်းဆုံးအဖြေ ဖြစ်မှာပါ။”

မြန်မာအစိုးရ အနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်တယ်ဆိုတာ တကယ်ပြချင်တယ်ဆိုရင် အခုလို မစ္စတာ ကင်တားနားကို လက်ခံကြိုဆိုတာထက် မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်ဖို့ ပိုအရေးကြီးတယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

“သူကတော့ သူ့ဘက်ကနေ ဘယ်လိုတွေ လုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်ကို ပေးမှာပါ။ အဲဒီ အကြံဉာဏ်တွေကို အစိုးရဘက်က တကယ် သေသေချာချာ နားထောင်ပြီးတော့ အဲဒီအကြံဉာဏ်တွေအတိုင်း လုပ်ဆောင်သလား ဆိုတာက အရေးကြီးပါတယ်။ အဲဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပေးတယ်၊ တချို့နေရာတွေကို သွားခွင့်ပေးတယ်၊ ပြီးရင် လူ့အခွင့်အရေး ကောင်စီမှာပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာပဲဖြစ်ဖြစ် ကျနော်တို့က ကုလသမဂ္ဂနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်ဆိုတာ ပြချင်ရုံအတွက်ပဲ သူ့ကို ဖိတ်တာလား ဆိုတာက ကျနော်တို့အတွက် မေးခွန်းပါ။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့နဲ့ နိုင်ငံရေးအရ အပြောင်းအလဲတွေ ဖြစ်လာဖို့ဆိုရင် ကနဦးဆုံးအဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရမယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရော အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကပါ တောင်းဆိုနေကြတာပါ။

အခုအတောအတွင်းမှာလည်း အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား တွေ့ဆုံမှုတွေ၊ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေကြောင့် မကြာခင်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာလေမလား ဆိုပြီး အများက မျှော်လင့်စော့င်ဆိုင်း နေကြတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။

XS
SM
MD
LG