သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေပိုကောင်းဖို့ ကင်တားနား မျှော်လင့်


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား ဟာ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဆုံးသတ် ဒီနေ့ ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာရှိတဲ့ ဗွီအိုအေ သတင်းထောက် ဦးရော်နီညိမ်းက မစ္စတာ ကင်တားနား ပြောသွားတဲ့ အဓိက အချက်တွေကို အခုလို ပြောပြပါတယ်။

“ချုပ်ပြီး ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ် အခြေအနေ သူ ပြောတယ်။ နောက် ကချင်ပြည်နယ်ကိစ္စ သူပြောတယ်။ နောက်ပြီးတော့ တခါ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စပေါ့နော်။ အဲဒီတော့ ရခိုင်ပြည်နယ် အခြေအနေကို ပြောမယ်ဆိုရင် သူက စစ်တွေ၊ ပေါက်တော စတဲ့ ဒီဒေသတွေကို သွားပြီးတော့ ဗုဒ္ဓဘာသာ IDP တွေရဲ့ စခန်းတွေကို ရောက်ခဲ့တယ်။ ပြီးတော့ စစ်တွေထောင်ကိုလည်း သူ ရောက်ခဲ့တယ် ဆိုတဲ့အကြောင်းကို သူပြောတယ်။ အဲဒီတော့ အရင်ထက်စာရင် ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ကျန်တဲ့ အရေးကိစ္စတွေ ဖြေရှင်းမှုတွေဟာ တိုးတက်မှု တစုံတရာ ရှိလာတာကို သူ တွေ့ရတယ်လို့ ပြောပါတယ်။ အဲဒါက ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ပြောတာပါ။ ကချင်ကိစ္စနဲ့ပတ်သက်ပြီး ပြောတာမှာလည်း သူက မြစ်ကြီးနားနဲ့ ဝိုင်းမော် တဝိုက်မှာရှိတဲ့ IDP စခန်းတွေကို သူ ရောက်ခဲ့တယ်။ နောက်တခါ မြစ်ကြီးနားထောင်ကိုလည်း သူ သွားခဲ့တယ်ဆိုတဲ့အကြောင်း ပြောတယ်။ ကချင်ကိစ္စမှာဆိုရင် ကူညီမှု၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေရဲ့ တိုးတက်မှုကို သူ့အနေနဲ့ ကျေနပ်အားရပြီးတော့ ဒီကိစ္စက ရှေ့ကို ပိုမိုပြီးတော့ လာမယ့် သီတင်းပတ်အနည်းငယ် အတွင်းမှာ ရှေ့ကို အပစ်အခတ် ရပ်စဲတဲ့အခြေအနေ ပိုမို တိုးတက် ကောင်းမွန်လာလိမ့်မယ်လို့ သူ မျှော်လင့်တယ် ဆိုတဲ့အကြောင်း သူ ပြောပါတယ်။”

ကချင်ပြည်နယ်ဘက်ကို သူ သွားတဲ့အခါမှာ မစ္စတာ ကင်တားနားက အစိုးရ တာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ပဲ ကချင်ဒေသဘက်ကို သွားရောက်ခဲ့ပြီးတော့ ကချင်လူမျိုးစု လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ မသွားခဲ့ဘူး၊ အဲဒါကြောင့် ကချင်ဒေသတခုလုံးရဲ့ တကယ့်အခြေအနေမှန်ကို သူ သိနိုင်မှာမဟုတ်ဘူးဆိုတဲ့ ဝေဖန်တာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မစ္စတာ ကင်တားနားက ပြောသွားတာတခုခုများ ရှိပါသလားခင်ဗျ။

“အဲဒီမေးခွန်းကို ကျနော် ကိုယ်တိုင်လည်း မေးခဲ့ပါတယ်။ ကေအိုင်အို က ခင်ဗျားကို ပြောတယ်၊ စစ်အစိုးရထိန်းချုပ်တဲ့ဘက်ကိုပဲ ခင်ဗျားရောက်တယ်။ ကချင်ထိန်းချုပ်တဲ့ဒေသတွေကို ခင်ဗျားမရောက်တဲ့အတွက် အခြေအနေမှန်တွေကို ခင်ဗျား မသိနိုင်ဘူးလို့ ပြောတဲ့အခါမှာ သူက ဟုတ်တယ်လို့ သူ ပြောပါတယ်။ ဒါကြောင့်မိုလို့ သူ အခြေအနေမှန်တွေကို မသိနိုင်ဘူး။ ဒါပေမဲ့ သူ အသေအချာ ပြောသွားတာက ရက်စက်ကြမ်းကြုတ်မှုတွေက နှစ်ဘက်စလုံးက ကျူးလွန်တယ်လို့ သူ ပြောပါတယ်။ အဲဒါတော့ ရှိတယ်ပေါ့နော်။ အဲဒါကိုတော့ သူ ပြောသွားပါတယ်။”

နောက်ပြီးတော့ သူက အကျဉ်းထောင်တွေကိုလည်း သွားကြည့်တယ်ဆိုပြီး သိထားရပါတယ်။ သူ အခုပြောတဲ့အထဲမှာလည်း ပါတယ်ပေါ့နော်။ ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ် လွှတ်ပေးဖို့ဆိုတဲ့ ကော်မတီ ဖွဲ့ထားတာလည်း ရှိပါတယ်။ အဲဒီအခြေအနေရဲ့ တိုးတက်မှု အလားအလာနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာမယ့်အခြေအနေ အလားအလာပေါ်မှာရော သူ့ရဲ့ သုံးသပ်ချက်က ဘယ်လိုရှိပါလဲ။

“သူကတော့ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စကို တိုးတက်မှု တွေ့ရလိမ့်မယ်လို့ ယုံကြည်တယ်လို့ သူ ပြောတယ်။ သူက ဘာနဲ့နှိုင်းယှဉ်ပြီးပြောလဲဆိုတော့ အရင်တခေါက်လာတာနဲ့ အခုတခေါက် လာတာနဲ့ကြားထဲမှာ အရင်တခေါက်တုန်းက သူ သွားတွေ့တဲ့ မလွတ်သေးတဲ့သူတချို့၊ အခု ဒီတခေါက် ပြန်ရောက်တဲ့အခါမှာ လွတ်လာတာကို တွေ့ရတယ်။ အဲဒီတော့ ရှေ့မှာလည်း အဲဒီလို လွတ်မြောက်လာတာကို တွေ့ရလိမ့်မယ်ဆိုတဲ့ သဘောမျိုး သူပြောပါတယ်။”

အခု သူ့ခရီးစဉ်က ၅ ရက်၊ ၆ ရက်ပေါ့နော်။ ဒီခရီးစဉ်တခုလုံးမှာ သူ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်၊ လူ့အခွင့်အရေး အပါအဝင် အခြေအနေ အရပ်ရပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ယေဘုယျ ခြုံငုံ သုံးသပ်ချက်ပေါ့၊ ခရီးစဉ်အပေါ်မှာ သူ့ရဲ့ သဘောထားနဲ့ ပတ်သက်လို့ရော ဘာသိရပါလဲ။ -

“ခရီးစဉ်အပေါ်မှာ သူ ခြုံငုံ သုံးသပ်ချက်ကတော့ ထုံးစံအတိုင်းပေါ့၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုကတော့ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့အညီ ဖြစ်အောင်ကတော့ လိုနေသေးတယ်ပေါ့နော်။ ဒါပေမဲ့ အရင်ထက်စာရင် တိုးတက်သင့်သလောက် တိုးတက်မှု အရိပ်အရောင်တွေ တွေ့လာရတယ် ဆိုတာကိုတော့ သူ့အနေနဲ့ အသိအမှတ်ပြုတယ်လို့ သူပြောတယ်။ ဒီခရီးစဉ်ကတော့ ခုနက ကျနော်ပြောသလို ကချင်ရော၊ ရခိုင်ရော၊ ရန်ကုန်မြို့ရော သူ တော်တော်လေးကို စုံစုံစိစိ သွားလာကြည့်ရှုခွင့်၊ လူတွေနဲ့ ထိတွေ့ပြောဆိုခွင့် ရတဲ့အတွက် သူ ခရီးစဉ်အနေနဲ့တော့ ကျေနပ်အားရတယ်ပေါ့နော်။ ဒီ လုပ်ငန်းသဘော အနေနဲ့ကတော့ ခုနကပြောသလို လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့ မညီလောက်သေးဘူး ဆိုတဲ့ဟာတော့ သူ ပြောပါတယ်။ ဆိုတော့ ဒါတွေကို စုပေါင်းပြီးတော့ လာမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မတ်လမှာကျင်းပမယ့်၊ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ညီလာခံမှာ သူ တင်ပြမှာဖြစ်တယ်လို့ သူ ပြောပါတယ်။”
XS
SM
MD
LG