သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး စိန်ခေါ်မှုတွေ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ၊ ကင်တားနား သုံးသပ်


မစ္စတာ ကင်တားနား ရန်ကုန်လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ သြဂုတ် ၂၅၊ ၂၀၁၁။
မစ္စတာ ကင်တားနား ရန်ကုန်လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ သြဂုတ် ၂၅၊ ၂၀၁၁။

မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်မှု တချို့ကို မြင်တွေ့ရသလို သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ကျေနပ် အားရတယ် ဆိုပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေကတော့ စိုးရိမ်စရာ အဆင့်နဲ့အတူ ဆက်လုပ်စရာတွေ ရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) က ပြောပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ သီးခြား လွတ်လပ်ပြီး အများယုံကြည် လက်ခံတဲ့ စုံစမ်း စစ်ဆေးမှုတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့လည်း တိုက်တွန်းသွားပါတယ်။ ၅ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လာရောက် စုံစမ်းခဲ့တဲ့ မစ္စတာ ကင်တားနားဟာ ဒီနေ့ညနေ ရန်ကုန်က မပြန်ခင် လေဆိပ်ထဲမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီနေ့ညနေ ၆ နာရီခွဲကနေ တနာရီနီးပါးကြာ မစ္စတာ ကင်တားနား ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ သူ့ရဲ့ ၅ ရက်ကြာ ခရီးစဉ်ထဲက ဆွေးနွေးမှု အခြေအနေ တော်တော်များများကို ရှင်းလင်း ပြောဆိုပြခဲ့ပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာ တိုးတက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှု အဆင့်တချို့ကို တွေ့ရပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေကတော့ စိန်ခေါ်မှုမှာ ရှိနေဆဲပဲလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၃ ရက်ကြာ သူ့ရဲ့ နေပြည်တော် ခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့က တာဝန်ရှိသူ တချို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး ကြိုဆိုခဲ့တဲ့အကြောင်း မစ္စတာ ကင်တားနားက ပြောသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးပါတီ တချို့အပြင် ထောင်တွင်းလေ့လာမှု အခြေအနေတွေ ပေါ်မှာလည်း အပိုင်းလိုက်စီ ရှင်းလင်း ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အစီအစဉ်မှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဟာ မဖြစ်မနေ အဆင့်မှာ ရှိနေတယ်ဆိုတဲ့ အကြောင်းနဲ့အတူ ဒါမှလည်း ဒီမိုကရေစီဘက်ကို တကယ်ပြောင်းတယ်ဆိုတာ လက်ခံနိုင်စရာ ဖြစ်လိမ့်မယ်လို့လည်း သူက ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိနေတာမို့ ဒီကိစ္စကို အထူးတင်ပြခဲ့ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်ရာ ဒေသတွေမှာရှိတဲ့ ကျောင်းတွေမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဘာသာစကားနဲ့ သင်ကြားဖို့ လိုအပ်နေတာကိုလည်း တွေ့ရပါတယ်။

“ဒါ့အပြင် မြေယာပိုင်ဆိုင်မှုဆိုင်ရာ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ကြီးကြီးမားမား ရှိနေတာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် အစိုးရ စီမံကိန်းတွေကြောင့် စစ်တပ်က အိုးအိမ် မြေယာ သိမ်းပိုက်မှုတွေ ရှိနေတာတွေ တွေ့ရတာမို့ ဒီကိစ္စမျိုးတွေကို အစိုးရက သေသေချာချာ အကာအကွယ်ပေးဖို့ လိုအပ်သလိုပဲ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခြေခံ ရပိုင်ခွင့်တွေ အတွက်ပါ စောင့်ရှောက်ပေးဖို့ လိုပါတယ်။”

အခုလို ပြောပြခဲ့တဲ့ အချက်တွေအပြင် သူ အင်းစိန်ထောင်တွင်း သွားစဉ် ကြားသိခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ရဲ့ ပြောပြချက်အရ စစ်ကြောရေး စခန်းတွေက နှိပ်စက် ညှဉ်းပန်းမှုတွေ၊ အစားအစာ မစားခိုင်းတာတွေ၊ မအိပ်ခိုင်းတာတွေအပြင် ခန္ဓာကိုယ် မီးရှို့တဲ့ အကြောင်းတွေကို သူသိခဲ့ရသလို အကျဉ်းသားတွေကို စစ်တပ်အတွက် ပေါ်တာ အသုံးပြုမှုတွေကလည်း ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

တခါ နိုင်ငံရေး အကျဉ်းသား တချို့ဟာ မိသားစုနဲ့ ဝေးလံတဲ့ နယ်ထောင်တွေကို ရွှေ့ပြောင်းခံရတာမို့ မိသားစုဝင်တွေဟာ ပုံမှန် အစားအစာနဲ့ ဆေးဝါး မပို့နိုင်တဲ့ အကြောင်းအရာတွေဟာလည်း စိုးရိမ်စရာ အဆင့်မှာ ရှိတယ်လို့ ပြောပါတယ်။ ဒီလို အခြေအနေတွေအပြင် တိုင်းရင်းသား ဒေသအတွင်းမှာ ကြုံနေရတဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို မီးမောင်းထိုးပြနေသလို ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ဆိုပါတယ်။

ဒီနေ့ညနေပိုင်း မစ္စတာ ကင်တားနား ရန်ကုန်လေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲထဲက အဓိက အချက်တချို့ကတော့ သူ့အနေနဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ အစိုးရ ခေါင်းဆောင်တွေဆီမှာ တောင်းဆိုခဲ့သလို ဖမ်းဆီး နှိပ်စက်ခံရမှုတွေ၊ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေ အကြောင်းကိုလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်း ပြောဆိုသွားပြီး တိုင်းရင်းသား ဒေသက ပဋိပက္ခ ဖြစ်ပွားမှုတွေနဲ့အတူ အရပ်သားတွေ အပေါ်မှာ သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းကိုလည်း သူ ပြောသွားပါတယ်။

တခါ မြန်မာနိုင်ငံသားတွေဟာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အခွင့်အလမ်းတွေမှာ အခက်အခဲ ရှိနေသလို တရားစီရင်ရေးပိုင်း ဆိုင်ရာမှာလည်း ဘက်မလိုက်ဘဲ တရားစီရင်မှုရှိတဲ့ အချက်အလက်တွေ လိုသေးတယ်လို့လည်း ထောက်ပြသွားပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ သီးခြား လွတ်လပ်ပြီး အများလက်ခံ ယုံကြည်တဲ့ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးမှုတွေကို အချိန်မဆွဲဘဲ အမြန်ဆုံး လုပ်ဆောင်ဖို့ကိုလည်း မစ္စတာ ကင်တားနားက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG