သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနားရှေ့ ဒုက္ခသည်တချို့ ဆန္ဒပြ


quintana met media in rakhine state
quintana met media in rakhine state
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေး ကင်တားနား နဲ့ အဖွဲ့ ဟာ ဒီကနေ့ နေ့ခင်းပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ကို ရောက်ရှိ ခဲ့ပြီး မောင်တောမြို့က ဒေသခံ ရခိုင်နဲ့ မြန်မာတိုင်းရင်းသားတွေက မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လေးစားပါ၊ မျှမျှတတ ဆက်ဆံပါ ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မစ္စတာကင်တာနားနဲ့ အဖွဲ့ဟာ ဒီကနေ့ မောင်တောမြို့နဲ့ အနီး အနားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီး နောက်ရက်တွေမှာ စစ်တွေမြို့ဘက်ကို လေ့လာ မှာဖြစ်ပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်းတာနားနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက် ၉နာရီကျော်လောက်က စစ်တွေမြို့ကို ရောက်ရှိပြီး အဲဒီကနေ တဆင့် မောင်တော မြို့ကို ရဟတ်ယာဉ် ၃စီးနဲ့ ဆက်လက်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ နေ့ခင်း ၁နာရီaလာက် က မောင်တော မြို့ကို ရောက်ရှိပြီး ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာကြောင်း မောင်တော မြို့ ဗဟိုဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက ဆရာတော်ဦးအာစရက မိန့်ကြားပါတယ်။

“၁ နာရီမှာ လေယာဉ်ဆိုက်တယ်၊ လေယာဉ်ဆိုက်ပြီးတော့ ဘုတ်ဆိပ်နားက ဒေဝါနဒီ ခန်းမ မှာ နေ့လယ်စာ စားပါတယ်၊ စားပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပါတယ်၊ ပြီးတော့ အ ထ က (၁) ၊ ပြီးတော့ ဈေးစခန်း ရယ်၊ အလိုတော်ပြည့်ကျောင်း ရယ် သူတို့ ဝင်ပါတယ်၊ နောက် ဝေသာလီ ၄မိုင် ကယ်ဆယ်ရေး စခန်းရယ်၊ သွားမယ်။ ပြီးတော့ ဒီနေ့ ညနေမှာ ဘူးသီးတောင် ဆက်သွားမယ် လို့ သိရတယ်။ သူတို့ လာမယ့်စာရင်းထဲမှာ ဦးဇင်းတို့ကျောင်း မပါပါဘူး”

လောလောဆည် မောင်တောမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း ၅ခုနဲ့ အလယ် သံကျော်ရွာမှာ ကယ်ဆယ်ရေးစခန်း ၁ခု၊ စုစုပေါင်း ကယ်ဆယ်ရေးစခန်း ၆ခုရှိပြီး လူဦးရေ ၄၀၀၀နီးပါးလောက် ရှိနေတာဖြစ်ပါတယ်။ မစ္စတာကင်တာနားနဲ့ အဖွဲ့ နေ့စာစားပြီး ထွက်လာချိန်မှာတော့ မောတောမြို့ပေါ် က ဒေသခံ ရခိုင်နဲ့ မြန်မာ တိုင်းရင်းသားတွေက ကုလသမဂ္ဂအလိုမရှိကြောင်း တီရှပ်တွေ ဝတ်ဆင် ပြီး ဆန္ဒပြခဲ့တယ်လို့ မောင်တော မြို့ခံ တယောက် က ပြောပါတယ်။

“မစ္စတာ ကင်တားနား ရောက်တဲ့အချိန်မှာ ဒီမောင်တောမြို့ပေါ်က ဒေသခံတိုင်းရင်းသားတွေက UN အလိုမရှိ ဆိုတဲ့ အင်္ကျ ီတွေ ဝတ်ပြီးတော့ သဇင်တည်းခိုခန်းရှေ့မှာ ဆန္ဒ ထုတ်ဖော်ကြ တာ တွေ့ရ ပါတယ်။ လူအင်အား ကတော့ ကြည့်ရသလောက် ဆိုရင် ၁၀၀ ဝန်းကျင်လောက် ရှိမယ် ထင်ပါတယ်။ သူတို့ ကိုင်ထားတာကတော့ နိုင်ငံတော် သမ္မတရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ၊ မြန်မာနိုင်ငံရဲ့ အချုပ် အခြာအာဏာကို လေးစားပါ၊ တိုင်းရင်း သားတွေရဲ့ လူ့အခွင့်အရေးကို လေးစားပါ၊ မျှမျှတတ ဆက်ဆံပါ။ အဲဒါ တောင်းဆိုတာ တွေ့ရပါတယ်”

ဒီလိုတောင်းဆိုတာကတော့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေက ဒေသခံ တိုင်းရင်းသားတွေအပေါ် အလေးမထားဘူးလို့ ဒေသခံတွေက ယူဆတာကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“အဓိက တောင်းဆိုတာကတော့ UNHCR က အရင်တုန်းက ဆိုလို့ရှိရင် မူစလင်တွေကိုပဲ အဓိက ထားပြီးတော့ ပံ့ပိုးနေတယ်၊ ဒေသခံရခိုင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို သိပ်ဂရုမထား တဲ့အတွက် UN ကို သိပ် အလို မရှိတဲ့သဘော တွေ့ရပါတယ်”

ဒီလို ဆန္ဒပြကြတဲ့ သူတွေကိုတော့ ကုလသမဂ္ဂယာဉ်တန်းပေါ်ကနေ ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ယူသွား တာတွေ ရှိကြောင်း။ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ အသံတိတ် ဆန္ဒပြကြပြီး အေးအေး ချမ်းချမ်း ပြီးဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မစ္စတာကင်တာနားနဲ့ အဖွဲ့ဟာ ဒီကနေ့ညနေပိုင်းမှာ ဘူးသီးတောင်မြို့ဘက်ကို လေ့လာပြီး မနက်ဖြန် မှာတော့ စစ်တွေမြို့ကို ဆက်လက်လေ့လာဖွယ်ရှိကြောင်း စစ်တွေမြို့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက တာဝန် ရှိသူတယောက် ခန့်မှန်းပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ ပြည်နယ်အစိုးရရဲ့ တာဝန် ရှိသူ တွေကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့လအတွင်းက ဒေသခံ ရခိုင် တိုင်းရင်းသားတွေ နဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီ အမျိုးသားတွေအကြားမှာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇၇ယောက်သေဆုံးခဲ့ပါတယ်။

ဒီ အဓိကရုဏ်း တွေဟာ စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာ အဓိက ဖြစ်ပျက်ခဲ့ပြီး စုစုပေါင်းနေအိမ် ၄၈၀၀ကျော်၊ ဗလီ၁၇လုံး၊ ဘုန်းကြီးကျောင်း ၁၅ကျောင်းနဲ့ စာသင်ကျောင်း ၃ကျောင်း မီးလောင် ပျက်စီးခဲ့ပါ တယ်။
XS
SM
MD
LG