သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်တဲ့ နိုင်ငံရေးအကျဉ်းသားနည်းရင် နိုင်ငံတကာ မျှော်လင့်ချက်နဲ့ မကိုက်


ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော မစ္စတာကင်တားနား။ သြဂုတ် ၂၅၊ ၂၀၁၁
ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော မစ္စတာကင်တားနား။ သြဂုတ် ၂၅၊ ၂၀၁၁

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အခု အကျဉ်းသားတွေ လွှတ်ပေးတဲ့ အခြေအနေအပါအဝင် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ကျရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ သူအစီရင်ခံပါ့မယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ သတင်း အချက်အလက်တွေ အပြည့်အစုံ မရ သေးပေမဲ့ လွှတ်တဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းအကျဉ်းပဲ ပါတယ်ဆိုရင်တော့ ဒါဟာ နိုင်ငံတကာက တောင်းဆိုထားတာနဲ့ မကိုက်ညီပါဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေကို လွှတ်ပေးဖို့ အစဉ်တစိုက် တောင်းဆိုခဲ့သူ တွေထဲမှာ မစ္စတာကင်တားနားလည်း အပါအဝင်ပါ။ လွှတ်ပေးတော့မယ်ဆိုတဲ့ အသံတွေ ထွက်ခဲ့ချိန်မှာလည်း နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ သူက ထပ်ပြောခဲ့ပါသေးတယ်။ ဒီကနေ့ လွှတ်လိုက်တဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားအားလုံး ပါမလာ ပေမဲ့ လွတ်လာသူတွေအတွက်တော့ သူက ဝမ်းသာစကား ပြောခဲ့ပါ တယ်။

“အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ ဘေးဒုက္ခရောက်ပြီး နေခဲ့ရသူတွေအတွက်ကတော့ ဒါဟာ အင်မတန် ကောင်းတဲ့ သတင်းပါပဲ။ ဒီလိုလွှတ်ပေးတာကို ကျနော်ကြိုဆိုပါတယ်။”

အရင်တုန်းကလည်း အကျဉ်းသားအမြောက်အများ လွှွတ်ပေးတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားက အနည်း အကျဉ်းပဲ ပါလေ့ရှိတာကြောင့် ဒီကနေ့လွှတ်တာမှာလည်း နည်းနည်းပဲပါတယ်ဆိုတာ ဖြစ်နိုင်ပေမယ့် သူ့ အနေနဲ့ သတင်းအချက်အလက် အပြည့်အ၀ မရသေးတာကြောင့် အစိုးရဘက်က ပြောစကားကိုလည်း စောင့်ဖို့ လိုပါသေးတယ်လို့ သူကဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ကိစ္စဟာ မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအကြား ဆက်ဆံရေး ကောင်းမွန်တိုးတက်ဖို့ရာမှာ အဓိကကိစ္စတရပ်ဖြစ်ရုံသာမက အဲဒီလူတွေကို ထိန်းသိမ်းထားသူ တွေအတွက်ပါ အင်မတန် အရေကြီးတဲ့ကိစ္စ ဖြစ်ပါတယ်လို့ မြန်မာအစိုးရကို ရည်ညွှန်းပြီး မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒါ့အပြင် အကျဉ်းသားကိစ္စတခုထဲက မြန်မာနိုင်ငံရဲ့ ကိစ္စရပ်အများအပြားထဲက တခုပဲဖြစ်ပြီး တခြား ဆိုးရွား တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ထည့်ပြီး ပြောရမှာဖြစ်တယ်လို့ လူ့အခွင့်အရေးကိုယ်စားလှယ် က ဆိုပါတယ်။

အခု အကျဉ်းသားတွေကို လွှတ်ပေးတဲ့အခြေအနေတွေအပါအဝင် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို အောက်တိုဘာလ ၁၉ ရက်နေ့ကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူအစီရင်ခံတဲ့အခါ ထည့်ပြောသွား ပါမယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။

“အခုကိစ္စမှာဆိုရင် လွှတ်ပေးတာဟာ နိုင်ငံတကာအသိုက်အဝန်းက တောင်းဆိုနေခဲ့တဲ့အတိုင်း မဟုတ်ဘူး ဆိုရင်တော့ ကျနော်တို့ တကယ့်ကို ရှင်းရှင်းလင်းလင်း ပြောရပါလိမ့်မယ်။ အထွေထွေညီလာခံမှာ အဖွဲ့ဝင် တနိုင်ငံချင်းစီ သိအောင်ပြောပြရမှာဖြစ်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေအတိုင်း ဆုံးဖြတ်ချက်ချကြရမှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနားပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်နေခဲ့တဲ့ အကျဉ်းသားလွတ်မြောက်ရေးကိစ္စဟာ ဒီကနေ့မှာတော့ အတော်လေး ရုပ်လုံးပေါ်ခဲ့ပြီဖြစ်ပြီး မျှော်လင့်နေသူအများစုရဲ့ ဆန္ဒတွေ ပြည့်ဝတဲ့ထိတော့ မဖြစ်ခဲ့ပါဘူး။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့အပါအဝင် အများအပြား မလွတ်ကြသေးပါဘူး။

ဒီအပေါ်မှာ နိုင်ငံတကာအသိုက်အဝန်းဘက်က ဘယ်လို ထပ်ပြီး တုန့်ပြန်လာကြဦးမယ်ဆိုတာကိုတော့ မြန်မာ့အရေး လေ့လာသူတွေနဲ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ဆက်ပြီး စောင့်ကြည့်နေ ကြဦးမှာပဲဖြစ်ပါတယ်။

XS
SM
MD
LG